လက်ဖက်ရည်ဟာ ကမ္ဘာပေါ်မှာ (ကော်ဖီပြီးရင်) လူကြိုက်အများဆုံး သောက်စရာတစ်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာ အနှံ့အပြားမှာ လက်ဖက်ရည်အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ သောက်သုံးတတ်ကြပါတယ်။ တကယ်တော့ ဘယ်လိုစိတ်ခံစားချက်မျိုး ဖြစ်နေရင် ဘယ်လိုလက်ဖက်ရည်မျိုးကို သောက်ရမယ်ဆိုတာကို သိဖို့ပဲ လိုတာပါ။ ဒီဗဟုသုတလေးကို လက်ဖက်ရည်ချစ်သူတိုင်း သိထားနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။
၁။ အိပ်ရေးပျက်နေရင်
တစ်ခါတလေမှာ စိတ်ဖိစီးမှုများပြီး အိပ်မရရင်တော့ (အိပ်ရေးပျက်နေရင်တော့) လာဗင်ဒါလက်ဖက်ရည်ကို သောက်ပေးသင့်ပါတယ်။ လာဗင်ဒါလက်ဖက်ရည်က သွေးလည်ပတ်မှု ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပြီး အာရုံကြောကိုလည်း တည်ငြိမ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။
၂။ စိတ်မသက်မသာ ခံစားနေရရင်
ပူစီနံလက်ဖက်ရည်ကတော့ စိတ်နဲ့ခန္ဓာကို တည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ တကယ်တော့ ရည်းစားနဲ့ ပြတ်တာတို့၊ စိတ်ဓာတ်ကျတာတို့၊ ဝမ်းနည်းတာတို့လို စိတ်ခံစားချက်နဲ့ဆိုင်တဲ့ ဝေဒနာတွေ ခံစားနေရပြီဆိုရင် ပူစီနံလက်ဖက်ရည်လေးက သောက်သုံးပေးဖို့ အသင့်တော်ဆုံးပါပဲ။ စိတ်မသက်မသာ ခံစားနေရချိန်မှာ ပူစီနံလက်ဖက်ရည်လေးတစ်ခွက်က အကောင်းဆုံးအဖော်မွန်ပါပဲ။
၃။ အားနည်းသလို ခံစားနေရရင်
လက်ဖက်ခြောက် (Black tea) နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကတော့ ကဖင်းဓာတ်ကို ဖြည့်စွမ်းပေးနိုင်ပြီး တစ်နေ့တာလုံး လန်းဆန်းနေအောင် ကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး အများစုကတော့ ထမင်းကြမ်းစားရင် (မနက်စာစားရင်) လက်ဖက်ရည်ကြမ်း (black tea) လေးတစ်ခွက်ကိုတော့ ပုံမှန်သောက်သုံးတတ်ကြပါတယ်။
၄။ ဒေါသထွက်နေရင်
တစ်ခါတလေမှာ အလုပ်အဆင်မပြေတာပဲဖြစ်ဖြစ်၊ ရည်းစားနဲ့ စကားများတာပဲဖြစ်ဖြစ် လူကိုဒေါသဖြစ်စေတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်ပါတယ်။ ဒေါသအရမ်းထွက်နေပြီး ပေါက်ကွဲထွက်တော့မယ်လို့ ခံစားရတဲ့အချိန်တိုင်းမှာ လီမွန်တီး (lemon tea) လက်ဖက်ရည်လေးတစ်ခွက်ကို သောက်ပေးလိုက်ပါ။ စိတ်ကြည်လင်ပြီး ဒေါသလျော့ပါးသွားတာကို တွေ့ရှိရပါလိမ့်မယ်။
၅။ စိတ်သောကရောက်နေရင်
လောကဓံ (၈) ပါးရဲ့ လှည့်ကွက်တွေကြားမှာ စိတ်သောကဝေဒနာဆိုတာ လူတိုင်းနဲ့ မကင်းကွာနိုင်ပါဘူး။ စိတ်သောကရောက်ပြီး စိတ်ဆင်းရဲနေရပြီဆိုရင် ချယ်ရီရိုင်းလက်ဖက်ရည် (Tart Cherry Tea) လေးတစ်ခွက်သောက်ပြီး စိတ်သောကဝေဒနာကို ဖြေဖျောက်လိုက်ပါ။ အာရုံကြောတွေကို တည်ငြိမ်စေပြီး သောကဝေဒနာကို ဖယ်ရှားပေးနိုင်ပါတယ်။
Source: upcominghealth