ဘာလိုလိုနဲ့ ရုံးပိတ်ရက်တောင် ရောက်တော့မယ်နော်။ ရုံးပိတ်ရက်ဆိုတာ တစ်ပတ်တာလုံး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ခဲ့သမျှကို ပြန်ပြီးအနားယူဖို့အတွက် စီစဉ်ပေးထားတဲ့ နေ့ရက်တွေလေ။ ဒီတစ်ပတ် စနေနေ့မှာ စပါးနဲ့ အာကြီးပွဲလည်းရှိတော့ ဘီယာအေးအေးလေးနဲ့ အမြည်းကောင်းကောင်းလေးနဲ့ ဘောပွဲထိုင်ကြည့်လိုက်ရရင် တော်တော်ကောင်းမှာပဲနော်။

 

ဒါဆိုရင်တော့ ဘီယာနဲ့ မြည်းရင် ရှယ်လိုက်ဖက်မဲ့ အမြည်းလေးတစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါရစေ။ အဲဒါကတော့ ပူပူစပ်စပ် ကိုရီးယား ကြက်တောင်ပံကင်ပါပဲ။ အကင်ဖိုရှိရင် အကင်ဖိုနဲ့ ကင်လို့ရသလို မိုက်ခရိုဝေ့ဖ် မီးဖိုရှိရင်လည်း အဆင်ပြေပါတယ်။ ပြုလုပ်နည်းလေးကိုတော့ အောက်မှာ ဆက်ဖတ်ကြည့်ပေးကြပါဦး။

ပါဝင်ပစ္စည်းများ

baking-chicken-wings-baking-chicken-wings-4-DSC_4530-680x453.jpg

ကြက်တောင်ပံ (၁၀) ချောင်းခန့်၊ ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း (၃) ဇွန်းခန့်၊ Gochujang လို့ခေါ်တဲ့ ကိုရီးယား ငရုတ်သီးအနှစ် (၁) ခွက်၊ (ဇွန်းရှည်နဲ့ (၃) ဇွန်းစာခန့်)၊ ပျားရည် (၂) ဇွန်းစာခန့်၊ ငရုတ်သီးခြမ်းကွဲမှုန့် (၂) ဇွန်းခန့်၊ ရှာလကာရည် (၁) ဇွန်းခန့်၊ ကြက်သွန်ဖြူ ညက်နေအောင် ထောင်းထားတာ (၁) ဇွန်းခန့်၊ ဂျင်းတက်ထောင်း (၁) ဇွန်းခန့်၊ နှမ်းဆီအနည်းငယ်၊ ကြက်သွန်မြိတ် (၁) ပင်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

maxresdefault.jpg 

အရင်ဆုံး ကြက်တောင်ပံတွေကို ရေပြောင်အောင်ဆေးပြီး ပန်းကန်တစ်လုံးထဲမှာ ထည့်ထားလိုက်ပါ။ ပြီးရင် ဇလုံအကြီးတစ်လုံးထဲကို ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း (၃) ဇွန်းခန့်၊ Gochujang လို့ခေါ်တဲ့ ကိုရီးယား ငရုတ်သီးအနှစ် (၁) ခွက်၊ (ဇွန်းရှည်နဲ့ (၃) ဇွန်းစာခန့်)၊ ပျားရည် (၂) ဇွန်းစာခန့်၊ ငရုတ်သီးခြမ်းကွဲမှုန့် (၂) ဇွန်းခန့်၊ ရှာလကာရည် (၁) ဇွန်းခန့်၊ ကြက်သွန်ဖြူ ညက်နေအောင် ထောင်းထားတာ (၁) ဇွန်းခန့်၊ ဂျင်းတက်ထောင်း (၁) ဇွန်းခန့်တို့ကို ရောထည့်ပြီး ကြက်ဥခလောက်တံနဲ့ ခလောက်ပေးလိုက်ပါ။

 

ကြက်တောင်ပံလေးတွေကိုတော့ ဇလုံထဲထည့်ပြီး အရည်လေးတွေ သေချာစိမ့်ဝင်သွားအောင် ထက်အောက်လှန်ပေးလိုက်ပါ။ ပြီးရင်တော့ ဇလုံကို ရေခဲသေတ္တာထဲမှာ (၂) နာရီခန့် အအေးခံပေးလိုက်ပါ။

(၂) နာရီပြည့်ရင်တော့ ကြက်တောင်ပံဇလုံကို ရေခဲသေတ္တာထဲကထုတ်ပြီး ကြက်တောင်ပံတစ်ချောင်းချင်းစီကို စတီးလ်လင်ပန်းတစ်ချပ်ထဲမှာ စီထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ကြက်တောင်ပံလေးတွေပေါ်မှာ နှမ်းဆီလိုက်သုတ်ပေးပြီး မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်ပေးလိုက်ပါ။

 

(၂၀၀) ဒီဂရီဆဲလ်စီးယပ် အပူချိန်မှာ မိနစ် (၃၀) ခန့် အပူပေးပြီးရင်တော့ ကြက်တောင်ပံလေးတွေ ကောင်းကောင်းကျက်သွား လောက်ပါပြီ။ ဒါဆိုရင် အပေါ်ကနေ ကြက်သွန်မြိတ်ကို ကပ်ကြေးလေးနဲ့ ကိုက်ထည့်ပြီး ဖြူးပေးလိုက်ရင်တော့ အသင့်စားသုံးနိုင်ရုံ အနေအထားကို ရောက်ပါပြီ။ ဘီယာအေးအေးလေး တစ်လုံးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။ (ဘီယာမသောက်တတ်ရင်တော့ ထမင်းပူပူလေးနဲ့ဆွဲပေါ့။ ပူပူစပ်စပ်လေးဆိုတော့ ထမင်းစားလို့ မြိန်မှာပါ။)

Source: Myfoodstory

Share

Loading Next Article...
က္က