ကချင်ရိုးရာ အစားအစာလေးတွေဟာ အရသာလေးလေးနဲ့ စားလို့ကောင်းတဲ့ အစားအစာလေးတွေပါ။

ကချင်အစားအစာတွေကို ကြိုက်ကြလား။ မြန်မာပြည်မြောက်ပိုင်းက ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအသောက်တွေဟာ အရသာရှိပြီး ခံတွင်းမြိန်စေနိုင်ပါတယ်။

 

ကချင်အစားအစာတွေထဲမှာ ကြက်ကချင်ချက်တို့၊ ကြက်သားဆန်လှော်တို့၊ ဝက်ကချင်ချက်တို့၊ ဝက်သားသားတောက်တောက် ကြက်ဥပေါင်းတို့၊ ဝက်မိုးလွတ်ဆီဆမ်းတို့၊ အမဲတောက်တောက် ကချင်ချက်တို့၊ အမဲထောင်းတို့လို ထမင်းနဲ့ရောစားလို့ကောင်းတဲ့ ဟင်းလျာလေးတွေ ရှိသလို ပန်းဥထောင်း၊ မဂရမ့်ထောင်း၊ ပဲပုတ်ထောင်း၊ နန်နံပင်ထောင်း၊ မှိုကပ်ထောင်း၊ အာလူးထောင်းနဲ့ ငါးပေါက်သီးထောင်းတို့လို ကချင်ရေနွေးကြမ်း မွှေးမွှေးလေးနဲ့ မြည်းလို့ကောင်းတဲ့ အစားအစာလေးတွေလည်း ရှိပါသေးတယ်။ ဒီနေ့ ဖော်ပြပေးမဲ့ ကချင်အစားအစာလေးကတော့ ကချင်အမဲအူကြမ်းခေါက်ဆွဲပါပဲ။

 

ကချင်အမဲအူကြမ်းခေါက်ဆွဲဟာ ဆန်စီးခေါက်ဆွဲလို့ လူသိများတဲ့ ခေါက်ဆွဲကို အမဲစွပ်ပြုတ်ရည်နဲ့ ရောနှောပြုလုပ်ထားပါတယ်။ အမဲသားဟာ သွေးအားကောင်းစေပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် အမျိုးသမီးတွေနဲ့ အထူးသင့်တော်ပါတယ်။

ပြီးတော့ ကချင်ပြည်နယ်လို ချမ်းအေးတဲ့ဒေသမှာ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အချမ်းပျောက်စေဖို့ လိုအပ်တဲ့အတွက် အမဲအူကြမ်း ခေါက်ဆွဲကို စားကြပုံပေါ်ပါတယ်။ စွပ်ပြုတ်ကို တစ်ဇွန်းမြည်းကြည့်တော့ အရသာက စိမ့်စိမ့်လေးနဲ့ သောက်လို့ကောင်းပါတယ်။

သေချာတာတစ်ခုကတော့ ကချင်အမဲအူကြမ်းခေါက်ဆွဲထဲမှာ ဆီတွေ၊ ဆားတွေ၊ အချိုမှုန့်တွေကို နိုင်းချင်းသုံးမထားပါဘူး။ ဒါက ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတာကို ဖော်ပြနေတဲ့အချက်ပါ။ ကျွန်တော်သွားစားတဲ့ ဆိုင်လေးမှာတော့ အချို၊ အငန်၊ အစပ် အရသာကို မိမိစိတ်တိုင်းကျ ပြင်နိုင်အောင် ကြက်သားမှုန့်၊ ဆားနဲ့ ငရုတ်သီးမှုန့်တို့ကို ပန်းကန်တစ်ချပ်နဲ့ သပ်သပ်ထည့်ပေးထားပါတယ်။

 

ကျန်းမာရေးနဲ့ ညီညွတ်မှုရှိကြောင်း ဖော်ပြနေတဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ အမဲအူကြမ်းခေါက်ဆွဲထဲမှာ ဂျင်းဖတ်လေးတွေ နိုင်းချင်းပါတာပါပဲ။ ဂျင်းဖတ်လေးတွေကို အမဲအူဖတ်လေးတွေနဲ့ ရောဝါးရင်း စွပ်ပြုတ်ရည်လေးတစ်ဇွန်း ခပ်သောက်ကြည့်လိုက်ပါ။ ရင်ထဲမှာ နွေးထွေးသွားပြီး နောက်တစ်ဇွန်း ခပ်စားချင်တဲ့စိတ် ပေါ်လာပါလိမ့်မယ်။ ဆန်စီးခေါက်ဆွဲဖတ်လေးတွေကလည်း စွပ်ပြုတ်ရည်နဲ့ လိုက်ဖက်မှုရှိပါတယ်။ ဒီနေရာမှာ အကြံပေးချင်တာ တစ်ခုကတော့ မုန်ညင်းချဉ်ဖတ်လေးတွေကို စွပ်ပြုတ်ရည်ထဲမှာ ရောပြီးထည့်စားကြည့်ပါ။ တမူထူးခြားတဲ့ အရသာကို ရရှိပါလိမ့်မယ်။

 

တကယ်လို့ ခေါင်ရည်ကြိုက်တတ်တယ်ဆိုရင် ကချင်ခေါင်ရည်စစ်စစ်နဲ့ တွဲဖက်စားသုံးဖို့လည်း လိုက်ဖက်တဲ့ အစားအစာလေးပါ။ ကချင်အငွေ့အသက်ကို အပြည့်အဝ ရရှိနိုင်မှာဖြစ်တဲ့အပြင် ဆောင်းရာသီရဲ့ ချမ်းစိမ့်တဲ့ ခံစားချက်တွေကို တိုက်ဖျက်နိုင်ဖို့အတွက် အကောင်းဆုံးအတွဲအစပ်ကတော့ ခေါင်ရည်နဲ့ အမဲအူကြမ်းခေါက်ဆွဲပါပဲ။

 

ကချင် အမဲအူကြမ်းခေါက်ဆွဲကို စားချင်တယ်ဆိုရင်တော့ စမ်းချောင်း ဆရာထွန်းလမ်းထဲမှာ တစ်ပွဲကို (၂၀၀၀) ကျပ်နဲ့ Kachin Cuisine ဆိုတဲ့ ကချင်ဆိုင်လေးမှာ သွားရောက်စားသုံးနိုင်ပါတယ်နော်။

Share

Loading Next Article...
က္က