ယိုးဒယား (ထိုင်း) နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးခ။ျင်း နိုင်ငံတစ်ခု ဖြစ်တာနဲ့ အားလျော်စွာ ယိုးဒယားအစားအစာတွေဟာလည်း မြန်မာ့လျှာနဲ့ သိပ်မစိမ်းပါဘူး။ အထူးသဖြင့် ပူပူစပ်စပ်နဲ့ စားလို့ကောင်းတဲ့ တုံယမ်းဟင်းချို အရသာကို မြန်မာလူမျိုးတွေ နှစ်သက်ကြပါတယ်။
ဒီနေ့မှာတော့ သက်သတ်လွတ်လည်းစားချင်၊ အရသာရှိရှိလည်း စားချင်သူတွေအတွက် အသား၊ ငါးမပါဘဲ တုံယမ်းခေါက်ဆွဲချက်နည်းလေးကို ဖော်ပြပေးသွားမှာပါ။ (အသား၊ ငါးထည့်ချင်သူတွေကတော့ ချက်နည်းကို ပြောင်းလဲဖို့ မလိုဘဲ စချက်ကတည်းက ဝက်သားပြားလေးတွေ (သို့) ပင်လယ်စာကို ထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။)
ပါဝင်ပစ္စည်းတွေကတော့ ဆန်ခေါက်ဆွဲခြောက် (၁) ထုပ်၊ ယိုးဒယား အနီရောင်ဟင်းနှစ် (red curry) (၁/၂) ထုပ်ခန့်၊ ဟင်းချက်ဆီ (၂) ဇွန်းခန့်၊ ရွှေဖရုံသီးကြိတ်ရည် (၁) ခွက်ခန့်၊ ငံပြာရည် (၁) ဇွန်းခန့်၊ စွပ်ပြုတ်ရည်အနှစ် (Broth) (၂) ဇွန်းခန့်၊ မှို (၅) ကျပ်သားခန့်၊ သကြားညို (၂) ဇွန်း၊ ဆား (၁/၄) ဇွန်းခန့်၊ အုန်းနို့ (၁) ခွက်၊ မုန်ညင်းစိမ်း (၃) (၄) ပင်ခန့်၊ ပင်စိမ်းရွက်အနည်းငယ်၊ ငရုတ်သီးတစ်တောင့်ခန့်နဲ့ ကြက်သွန်ဖြူတစ်တောင့်တို့ပဲ ဖြစ်ပါတယ်။
ဆန်ခေါက်ဆွဲခြောက်ကို ဇလုံတစ်လုံးထဲမှာ (၆) မိနစ်ခန့် ရေစိမ်လိုက်ပါ။ အဲဒီအချိန်မှာ ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူပြီဆိုတော့မှ ယိုးဒယား အနီရောင်ဟင်းနှစ် (red curry) ကို ထည့်ပြီး ယောက်မနဲ့ မွှေပေးလိုက်ပါ။ တစ်မိနစ်ခန့်ကြာရင် ရွှေဖရုံသီးကို ကြိတ်စက်ထဲမှာ ထည့်ကြိတ်လို့ရလာတဲ့ ရွှေဖရုံရည်ကို လောင်းထည့်ပေးလိုက်ပါ။
အရည်ပျစ်လွန်းရင် ရေနည်းနည်း ရောပေးလိုက်ပါ။ အပေါ့အငန်အတွက် ငံပြာရည်နည်းနည်း ရောပေးလိုက်ပါ။ ပြီးရင် ယောက်မနဲ့မွှေပေးပြီး မိနစ်အနည်းငယ် ချက်ပြုတ်ပေးလိုက်ပါ။
ခနကြာရင် ဟင်းရည်အိုးထဲကို စွပ်ပြုတ်ရည်အနှစ် နည်းနည်းနဲ့ မှို (၅) ကျပ်သားခန့် ထည့်လိုက်ပါ။ မီးအပူချိန်ကိုလည်း နည်းနည်းမြှင့်လိုက်ပါ။ မှိုထည့်ပြီးရင် အပေါ်က သကြားညိုနဲ့ဆား နည်းနည်း ဖြူးပေးလိုက်ပါ။ ပြီးရင် အဖုံးပိတ်ထားပြီး မိနစ်အနည်းငယ် ချက်ပြုတ်ပေးလိုက်ပါ။
မှိုကျက်လောက်ပြီဆိုရင် ဟင်းရည်အိုးထဲကို အုန်းနို့တစ်ခွက်နဲ့ ရေတစ်ခွက်လောက် ထပ်ရောလိုက်ပါ။ ပြီးမှ မုန်ညင်းစိမ်းနည်းနည်း အုပ်လိုက်ပါ။ ပြီးမှ နောက်ဆုံးအဆင့်အနေနဲ့ အစောပိုင်းက ရေစိမ်ထားတဲ့ ဆန်ခေါက်ဆွဲကို ထည့်လိုက်ပါ။ ပင်စိမ်းနည်းနည်းလည်း အုပ်ပေးလိုက်ပါဦး။ ယောက်မနဲ့ နည်းနည်းမွှေပေးလိုက်ရင် အသင့်စားသုံးရုံ အနေအထားကို ရောက်ရှိသွားပါပြီ။ မိမိနှစ်သက်ရာ ပန်းကန်လုံးအကြီး တစ်လုံးထဲကို လှယ်ထည့်ပြီး စားသုံးနိုင်ပါပြီ။ အပေါ်ကနေ ငရုတ်သီးစိတ်လေး၊ ကြက်သွန်ဖြူလေး ထပ်အုပ်လိုက်ရင် လုံးဝပြီးပြည့်စုံတဲ့ တုံယမ်းခေါက်ဆွဲလေးကို ရရှိပါပြီနော်။
Source: Myfoodstory
Share