လီဗာပူးလ်ကစားသမားဟောင်းနဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ဂျင်မီကာရေဂါဟာ မနေ့က ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ဒေါ့မွန်တို့ရဲ့ပွဲအတွက် Live တင်ဆက်နေချိန်အတွင်း ယူနိုက်တက်ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်ရှေ့မှာ 7UP အချိုရည်ဗူးကို ကိုင်မြှောက်သောက်သုံးပြီးတော့ နောက်ပြောင်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ရှမိုက်ကယ်နဲ့ ကာရေဂါတို့က ဒီပွဲကို အတူတူတင်ဆက်ခဲ့ကြတာဖြစ်ပြီး ကာရေဂါက အားလုံးကို ပြုံးပြခဲ့ကာ စားပွဲပေါ်က 7UP အချိုရည်ဗူးကိုလှမ်းယူပြီး နံပါတ် ၇ ကို မမြင်မြင်အောင်ပြသကာ လှောင်ပြောင်ခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးလ်က ယူနိုက်တက်ကို ၇-၀ နဲ့ သမိုင်းဝင်နိုင်ပွဲရအပြီး ကာရေဂါက အခုလိုမျိုး လုပ်ခဲ့တာပါ။
ရှမိုက်ကယ်က ကွင်းအတွင်းကနေ တင်ဆက်နေတာဖြစ်ပြီး ကာရေဂါကတော့ စတူဒီယိုအတွင်းမှာ မီကာရစ်ချက်၊ အွန်နရီတို့နဲ့အတူရှိနေခဲ့ကာ ပူးပေါင်းတင်ဆက်နေခဲ့ကြတာပါ။ ဂျင်မီကာရေဂါနဲ့ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်တို့ကတော့ သူတို့အသင်းဟောင်းတွေနဲ့ ပတ်သက်လာရင် လက်ရှိအချိန်ထိ ခံစားချက်ပြင်းထန်ဆဲဖြစ်ကာ အပြိုင်အဆိုင်လေတိုက်နေကျဖြစ်ပါတယ်။
ညက ကာရေဂါရဲ့ လုပ်ပုံတွေက နဗီးလ်အတွက်တော့ သေချာပေါက်ကို ဒေါသထွက်စရာဖြစ်ခဲ့မှာ သေချာပါတယ်။ ပီတာရှမိုက်ကယ်ကတော့ ကာရေဂါရဲက နောက်ပြောင်မှုအတွက် သိပ်ထွေထွေထူးထူးဖြစ်ဟန်မရှိခဲ့ဘဲ သဘောကျပြီး ရယ်မောနေတာကို မြင်တွေ့ခဲ့ရကာ အွန်နရီနဲ့ မီကာရစ်ချက်တို့လည်း ရယ်မောနေခဲ့ပါတယ်။
လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ ပွဲကစားခဲ့တဲ့ နေ့ကလည်း ကာရေဂါက သူနဲ့အတူထိုင်နေတဲ့ ဂယ်ရီနဗီးလ်နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပြီး စနောက်ခဲ့ပါသေးတယ်။ အဆိုပါပွဲအကြောင်း သုံးသပ်ချိန်မှာလည်း သူတို့ကြားမှာ အငြင်းပွားမှုတွေရှိခဲ့သေးပြီး နဗီးလ်တယောက် အရှုံးကြီးရှုံးခဲ့ရတဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။