ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲကို ကျင်းပခဲ့တာပါ။

မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဥ်တွေက ဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်တို့ ထိပ်တိုက်တွေ့မှုနဲ့အတူ ထုံးစံအတိုင်းပဲ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့လည်း တအုပ်စုတည်းကျရောက်ခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူးတို့ကလည်း သတိထားရမယ့် အုပ်စုမှာ ကျရောက်ခဲ့ကြပါတယ်။



အုပ်စု (A) မှာတော့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့တဲ့ လီဗာပူးဟာ အေဂျက်စ်၊ နာပိုလီ၊ ရိန်းဂျားစ်တို့နဲ့တအုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ လီဗာပူးရဲ့အုပ်စုက ချောင်တယ်လို့ မဆိုနိုင်ဘဲ အေဂျက်စ်၊ ပြိုင်ဘက်ဟောင်းနာပိုလီတို့ကို သတိထားပြီး ရင်ဆိုင်ဖို့ လိုအပ်နေပါတယ်။

အုပ်စု (B) မှာတော့ ပေါ်တို၊ အက်သလက်တီကို၊ လေဗာကူဆင်နဲ့ ကလပ်ဘရုဂေးတို့ ကျရောက်ခဲ့ပါတယ်။ ပေါ်တို၊ အက်သလက်တီကို၊ လေဗာကူဆင်တို့ကတော့ ခြေစွမ်းပိုင်း မတိမ်းမယိမ်းတွေဖြစ်တာကြောင့်လည်း ဘယ်အသင်း အုပ်စုတက်မယ်ဆိုတာ ယတိပြတ်မပြောနိုင်ဘဲ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အနေအထားလည်းဖြစ်ပါတယ်။

အုပ်စု (C) ကတော့ မရဏအုပ်စုဖြစ်သွားခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ဗစ်တိုးရီးယားပလာဇန်တို့ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ်တို့ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ၈-၂ ဂိုး အနိုင်ရလဒ်ကို ဘာစီလိုနာတို့ လက်စားပြန်ချေနိုင်ဖို့ ကြိုးစားရမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန်ကလည်း စိတ်ဝင်စားစရာဖြစ်နေပြီး ဘယ်အသင်းမှ ပေါ့ဆလို့မရတဲ့ အုပ်စုအဆင့်ဖြစ်နေပါတယ်။

အုပ်စု (D) မှာတော့ ပရီးမီးယားလိဂ်ကလပ် စပါးနဲ့အတူ ယူရိုပါလိဂ်ချန်ပီယံ ဖရန့်ဖတ်၊ စပို့တင်းလစ္စဘွန်းနဲ့ မာဆေးလ်တို့ ကျရောက်ခဲ့ပါတယ်။ ကွန်တီရဲ့စပါးကတော့ အုပ်စု ပထမနေရာအတွက် အခြေအနေကောင်းနေပြီး ဖရန့်ဖတ်၊ မာဆေးလ်တို့ အုပ်စု ဒုတိယနေရာအတွက် အပြိုင်လုရနိုင်ပါတယ်။  

အုပ်စု (E) မှာတော့ ချဲလ်ဆီးနဲ့အတူ အေစီမီလန်၊ ဆဲလ်ဘာ့ဂ်နဲ့ ဒိုင်နမိုဇာဂရက်တို့ ကျရောက်ခဲ့ပြီး ချဲလ်ဆီးအနေနဲ့ အုပ်စုကျပ်ကို ရှောင်လွှဲနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း သူတို့ရဲ့ လက်ရှိလူအင်အားအရ ချန်ပီယံလိဂ်အုပ်စုအဆင့်လိုနေရာမျိုးမှာ ပေါ့ဆလို့မရဘဲ ဥရောပကို ပြန်တိုးဖို့ ကြိုးစားနေတဲ့ အေစီမီလန်နဲ့အတူ အမှားမခံဖို့ လိုအပ်ပါတယ်။

အုပ်စု (F) မှာတော့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က ဂျာမန်ကလပ် လိုက်ပ်ဇစ်၊ ရှက်တာဒိုးနက်၊ ဆဲလ်တစ်တို့နဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကတော့ နောက်တဆင့်ကို တက်ရောက်ဖို့ သေချာသလောက်ရှိနေတဲ့ အနေအထားလို့ သုံးသပ်နိုင်ပါတယ်။ လိုက်ပ်ဇစ်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့အတူ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခြေရှိပါတယ်။ ရှက်တာဒိုးနက်နဲ့ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ နှစ်တိုင်းတွေ့နေတယ်လို့ ပြောရမှာပါ။

အုပ်စု (G) မှာတော့ မန်စီးတီးက ဆီဗီလာ၊ ဒေါ့မွန်၊ ကိုပင်ဟေဂင်တို့နဲ့ တွေ့ဆုံခဲ့ပြီး မန်စီးတီးရဲ့ လူအင်အား၊ အသင်းချင်း အဆင့်အတန်းအရ အုပ်စု ပထမနေရာက သေချာနေတယ်လို့ ပြောနိုင်ပါတယ်။ ဒေါ့မွန်ကလည်း ဒီနောက်ပိုင်းမှာ ခြေစွမ်းကျဆင်းလာတာကြောင့် မန်စီးတီးနဲ့အတူ ဆီဗီလာက နောက်တဆင့်ကို တက်ရောက်နိုင်ပါတယ်။ ဟာလန်းအတွက်ကလည်း လီဝန်ဒေါစကီးနည်းတူ အသင်းဟောင်းနဲ့ ပြန်လည်ဆုံတွေ့ရတော့မှာပါ။

အုပ်စု (H) ကလည်း ပီအက်စ်ဂျီနဲ့ဂျူဗင်တပ်စ်တို့ ထိပ်တိုက်တွေ့ဆုံမှုနဲ့အတူ စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ အခြားအသင်းတွေအဖြစ် ဘင်ဖီကာနဲ့မက္ကာဘီဟိုင်ဖာတို့ ပါဝင်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ် နှစ်သင်းသာ အုပ်စု ပထမနေရာကို အပြိုင်လုရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က