အီတလီစတိုင်လ် အသားလုံးကို နှစ်သက်သူတွေရှိလား။ ဒီနေ့မှာတော့ စားလို့အရမ်းကောင်းပြီး လျှာလည်စေမဲ့ ဟင်းတစ်မယ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ အဲဒါကတော့ ကြက်သားလုံးနဲ့ မှိုဆော့စ်ဟင်းလျာပါပဲ။ ပြုလုပ်နည်းလေးကလည်း ရှုပ်ထွေးခြင်းမရှိတော့ လိုက်လုပ်ကြည့်ဖို့ လွယ်ကူမယ်လို့ မျှော်လင့်ပါတယ်။
ပေါင်မုန့်စ (၃/၄) ခွက်၊ ကြက်ဥ (၁) လုံး၊ တောရှုံးရွက် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ အရောင်တင်မှုန့် (၁) ဇွန်း၊ ကြက်သွန်ဖြူ (၃) တောင့်၊ အီတလီဒိန်ခဲမှုန့် (၁/၄) ခွက်၊ ကြက်သား (၅၅၀) ဂရမ်၊ ဆားအနည်းငယ်၊ သံလွင်ဆီ (၂) ဇွန်းတို့ကို လိုအပ်ပါတယ်။
ဆော့စ်ပြုလုပ်ဖို့အတွက် သံလွင်ဆီ (၂) ဇွန်း၊ ထောပတ် (၁) ဇွန်း၊ ကြက်သွန်ဖြူ (၂) တောင့်၊ ကြက်သွန်နီ (၁/၂) ခွက်၊ မှို (၁) ခွက်၊ ဂျုံမှုန့် (၂) ဇွန်း၊ ကြက်သားစွပ်ပြုတ် (၁) ခွက်ခွဲခန့်၊ ရို့စ်မေရီ ရွက်ခြောက် (၁) ဇွန်း၊ တရုတ်နံနံ (၁/၂) ဇွန်း၊ အရောင်တင်မှုန့် (၁/၂) ဇွန်း၊ ဆားနဲ့ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ Heavy Cream (၁/၂) ခွက်တို့ကို လိုအပ်ပါတယ်။
ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ပေါင်မုန့်စ (၃/၄) ခွက်၊ ကြက်ဥ (၁) လုံး၊ တောရှုံးရွက် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ အရောင်တင်မှုန့် (၁) ဇွန်း၊ ကြက်သွန်ဖြူ (၃) တောင့်၊ အီတလီဒိန်ခဲမှုန့် (၁/၄) ခွက်၊ ဆားအနည်းငယ်တို့ကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ ကြက်သားကို အရိုးထုတ်ပြီးမှ ကြိတ်စက်ထဲမှာ ကြိတ်လို့ရလာတဲ့ ကြက်သားမှုန့်ကိုလည်း ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောနယ်ပြီး အသားလုံး (၁၈) လုံးခန့်ကို ပြုလုပ်လိုက်ပါ။ ပြီးရင်တော့ ဘေးခနဖယ်ထားလိုက်ပါ။
အသားလုံးတွေကို ကြော်ဖို့အတွက် ဒယ်အိုးပြားတစ်လုံးထဲမှာ သံလွင်ဆီ (၂) ဇွန်းကို ထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူပြီဆိုတော့မှ အသားလုံးတွေကို (၂) သုတ်ခွဲပြီး ကြော်ပေးလိုက်ပါ။ အသားလုံးလေးတွေ ထက်အောက်လှန်ပေးဖို့လည်း မမေ့ပါနဲ့ဦး။ အသားလုံးလေးတွေအားလုံး ရွှေအိုရောင်သမ်းသွားပြီဆိုရင်တော့ ဆီအိုးထဲကဆယ်ပြီး ပန်းကန်ပြားတစ်ချပ်ပေါ်မှာ တင်ထားပေးလိုက်ပါ။
အဲဒီဒယ်အိုးပြားထဲမှာပဲ သံလွင်ဆီ (၂) ဇွန်းနဲ့ ထောပတ် (၁) ဇွန်းကိုထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုလည်း ထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်နီဖတ်လေးတွေ ပျော့ပျောင်းလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ပြီးရင် လှီးဖြတ်ထားတဲ့ မှိုဖတ်လေးတွေကို ထည့်ပြီး (၂) မိနစ်၊ (၃) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ ဂျုံမှုန့် (၂) ဇွန်းကိုလည်း ထည့်ပေးလိုက်ပြီး ဂျုံမှုန့်ကြမ်း အရသာ ပျောက်သည်အထိ နောက်ထပ် တစ်မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။
တစ်မိနစ်ပြည့်ရင် ကြက်စွပ်ပြုတ်ရည်ကို ဖြည်းဖြည်းချင်း ထည့်ပေးပြီး ဆော့စ် ထူပျစ်လာသည်အထိ ဖြည်းဖြည်းချင်း မွှေပေးလိုက်ပါ။ ဆော့စ်ပျစ်လာပြီဆိုရင် ရို့စ်မေရီ ရွက်ခြောက် (၁) ဇွန်း၊ တရုတ်နံနံ (၁/၂) ဇွန်း၊ အရောင်တင်မှုန့် (၁/၂) ဇွန်း၊ ဆားနဲ့ ငရုပ်ကောင်းမှုန့် အနည်းငယ်နဲ့ အသားလုံးတို့ကို ရောထည့်ပေးလိုက်ပါ။ ဟင်းအနှစ်က ပျစ်လွန်းနေတယ်ထင်ရင် ရေနည်းနည်း ရောပေးလိုက်ပါ။ အဖုံးအုပ်ပြီး (၁၀) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။
(၁၀) မိနစ်ပြည့်ရင် ဒယ်အိုးထဲကို Heavy Cream (၁/၂) ခွက်ခန့်ထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင်တော့ မီးပိတ်ပေးနိုင်ပါပြီ။ ပန်းကန်လုံးတစ်လုံးထဲ ခပ်ထည့်ပြီးရင်တော့ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီနော်။
Source: Myfoodstory
Share