စတော်ဘယ်ရီသီး ပေါ်ချိန်ဆိုတော့ ပေါပေါများများရှိတဲ့ စတော်ဘယ်ရီသီးတွေကိုပဲ မုန့်လုပ်စားကြရင် မကောင်းဘူးလား။ ဒါဆိုရင် စတော်ဘယ်ရီသီးနဲ့ ပြုလုပ်ထားတဲ့ ချိစ်ကိတ်ပြုလုပ်နည်းလေးကို ဖော်ပြပေးပါ့မယ်။ ချိစ်ကိတ်လုပ်ဖို့ မုန့်ဖို (Oven) မရှိဘူးဆိုရင်လည်း ဘာမှစိတ်မပူပါနဲ့။ ဒီမုန့်ဖုတ်နည်းလေးက Oven မလိုဘဲ ရေခဲသေတ္တာတစ်လုံး ရှိရုံနဲ့ လုပ်စားလို့ရပါတယ်။ ပြုလုပ်နည်းလေးကတော့....
ပါဝင်ပစ္စည်းများ
စတော်ဘယ်ရီသီး လတ်လတ်ဆတ်ဆတ် (၃၀၀) ဂရမ်၊ သကြား (၁/၄) ခွက်+ လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ခရင်မ်ချိစ် (၈) အောင်စ၊ Whipping Cream (၁/၄) ခွက်၊ ဘီစကစ်ပလိန်း (၁၀) ချပ်ခန့်တို့ကို လိုအပ်ပါတယ်။
ပြုလုပ်နည်း
အရင်ဆုံး စတော်ဘယ်ရီသီးတွေကို ရေဆေးသန့်စင်ပြီး ထိပ်ဖူးက အညှာလေးတွေကို လှီးဖြတ်ပေးလိုက်ပါ။ ပြီးရင် စတော်ဘယ်ရီသီးတွေကို လေးခြမ်းခွဲပေးလိုက်ပါ။ မွှေစက် (Food Processor) ထဲမှာ စတော်ဘယ်ရီသီး ခြမ်းကွဲလေးတွေနဲ့ သကြား (၂) ဇွန်းကိုထည့်ပြီး စတော်ဘယ်ရီသီးအနှစ် ပြုလုပ်ပေးလိုက်ပါ။ နောက်မှ ဖန်ခွက်ပေါ်မှာ Topping တင်ဖို့ စတော်ဘယ်ရီသီး (၂) လုံး၊ (၃) လုံးကိုတော့ ချန်ထားလိုက်ပါဦး။
ဘီစကစ်ပလိန်းတွေကိုတော့ ပလတ်စတစ်အိတ် တစ်လုံးထဲထည့်ပြီး ဒလိမ့်တုံးနဲ့ လှိမ့်ပေးလိုက်ပါ။ ဒါဆိုရင် ဘီစကစ်အစအနလေးတွေ ရလာပါလိမ့်မယ်။ သူ့ကိုလည်း ဘေးခနဖယ်ထားလိုက်ပါ။
ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ခရင်မ်ချိစ်နဲ့ သကြားမှုန့်ကို ရောထည့်ပြီး ပျစ်ပျစ်နှစ်နှစ် အရည်တစ်မျိုးကို ရသည်အထိ ရောမွှေပေးလိုက်ပါ။ Whipping Cream ကိုလည်း ရောထည့်ပေးပြီး (၂) မိနစ် (၃) မိနစ်ခန့် ခလောက်ပေးလိုက်ပါ။ ကောင်းကောင်းသမသွားပြီဆိုတော့မှ စတော်ဘယ်ရီသီး အနှစ်ကိုပါ ရောထည့်လိုက်ပြီး ပါဝင်ပစ္စည်းအားလုံးကို သစ်သားဇွန်းတစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ ပြီးပြီဆိုရင်တော့ ရလာတဲ့ ခရင်မ်အနှစ်ကို Piping Bag တစ်လုံးထဲကို ပြောင်းထည့်ပေးလိုက်ပါ။
မုန့်ဖုတ်စရာမလိုတဲ့ စတော်ဘယ်ရီချိစ်ကိတ်ကို စတင်ပြုလုပ်တော့မယ်ဆိုရင် ဘီစကစ်အစအန (၂) ဇွန်းခန့်ကို ဖန်ခွက်တစ်ခွက်ထဲကို အရင်ထည့်လိုက်ပါ။ ပြီးရင် ခုနက Piping Bag ထဲက ခရင်မ်အနှစ်ကို ဖန်ခွက် (၄) ပုံ (၃) ပုံ ပြည့်သည်အထိ ဖြည့်ပေးလိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာ အအေးခန်းထဲမှာ တစ်ညသိပ်ပေးလိုက်ပါ။ နောက်တစ်နေ့မနက်ကျရင် အပေါ်ကနေ ဘီစကစ် အစအနလေးတွေနဲ့ စတော်ဘယ်ရီသီးကို ထက်ခြမ်းခြမ်းပြီး တင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိပြီး စားလို့ကောင်းတဲ့ စတော်ဘယ်ရီချိစ်ကိတ်လေးကို စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီ။
Source: Myfoodstory