အာဖဂန်နစ္စတန်မှာ ဘောလုံးကန်တဲ့ မိန်းကလေးတွေကို ပြည့်တန်ဆာတွေလို့ ခေါ်ကြတယ်။ ဘောလုံးဆိုတာ ယောက်ျားတွေရဲ့ ကစားနည်းလေ။ ကျွန်မအမေက ကျွန်မကို ကစားဖို့ အပျော်သက်သက် ဘောလုံးကန်တာသင်ပေးခဲ့တာ" လို့ Khalida Popal က ပြောတယ်။
Khalida Popal ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီး ဘောလုံးအသင်းဖြစ်လာအောင် ဦးဆောင်လှုပ်ရှားခဲ့သူပါ။ ၂၀၀၇ ခုနှစ်မှာ အာဖဂန်နစ္စတန် နိုင်ငံဘောလုံးအသင်းရဲ့ ပထမဆုံး အမျိုးသမီးအသင်းခေါင်းဆောင်ဖြစ်လာခဲ့တယ်။ ငယ်တုန်းကတော့ ဘောလုံးကို ကစားဖို့သက်သက် ဆော့ခဲ့ပေမဲ့ အရွယ်ရောက်လာချိန်မှာတော့ ဘောလုံးကန်ခြင်းဟာ ယောက်ျားတွေနဲ့မိန်းမတွေကြားက ခွဲခြားဖိနှိပ်ဆိုတာ သိလာရတယ်။
ဘောလုံးကန်တဲ့အတွက်ကြောင့်မို့လို့ ဆရာတွေက သူ့ကို စာသင်ခန်းကနေ မောင်းထုတ်တာခံခဲ့ရတယ်။ အာဖဂန်မှာ အမျိုးသမီးတွေဟာ လေးစားခြင်းမခံရဘူး။ လူလို့တောင် အမြင်မခံရဘူးလို့ Popal က နိုင်ငံတွင်းက အမျိုးသမီးတွေရဲ့ အခြေအနေကို ပြောပြတယ်။ အမျိုးသမီးတွေဟာ ကြံ့ခိုင်သန်မာနေဖို့၊ ကိုယ့်ကိုယ်ကိုယ် လူပါပဲဆိုတာ လက်ခံယုံကြည်လာဖို့လိုတဲ့အတွက် သူက အားကစားတစ်ရပ်အနေနဲ့ လှုပ်ရှားခဲ့တာဖြစ်ပါတယ်။
Popal တို့အဖွဲ့မှာ အမျိုးသမီးဘောလုံးသမား လေးဦး ပါဝင်တယ်။ သူတို့ကို လူတွေက ကျောက်တုံးတွေနဲ့ ကောက်ပေါက်တာခံရတယ်။ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာကြတယ်။ နောက်ဆုံးမှာတော့ Khalida Popal ဟာ နိုင်ငံကိုစွန့်ခွာဖို့ ဖြစ်လာခဲ့ပါတယ်။ ခုတော့ သူက ဒိန်းမတ်မှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်နေပါတယ်။ ဒါပေမဲ့ Popal ရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်မသွားဘူး။ ရောက်တဲ့အရပ်ကနေ အမျိုးသမီးတွေကို စိတ်ဓာတ်ကြံ့ခိုင်လာအောင်၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ရရှိလာအောင် ဆက်လက်လှုပ်ရှားနေသူ ဖြစ်ပါတယ်။
သူ့ရဲ့ အားထုတ်မှုကို ကမ္ဘာကလည်း အသိအမှတ်ပြုခဲ့ကြတယ်။ ဆုတွေချီးမြှင့်ပေးအပ်ခဲ့ကြတယ်။ UN Women ၊ ဘရာဇီးနဲ့ နိုင်ငံတကာအိုလံပစ်ကော်မတီတို့ ပူးပေါင်းပြုလုပ်တဲ့ အကြိမ် ၆၀ မြောက် Session of the Commission on the Status of Women မှာ Popal က တက်ရောက်စကားပြောခဲ့ရပါတယ်။ ယင်းအခမ်းအနားဟာ ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးနဲ့မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးအတွက် အားကစားနဲ့ မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။
Source : UN Women