ဒီနေ့မှာတော့ တရုတ်အစားအစာကို နှစ်သက်သူတွေအတွက် ထိုင်ဝမ်ရိုးရာ အစားအစာလေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။

ဒီနေ့မှာတော့ တရုတ်အစားအစာကို နှစ်သက်သူတွေအတွက် ထိုင်ဝမ်ရိုးရာ အစားအစာလေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။ အဲဒါကတော့ ထိုင်ဝမ် ဝက် (၃) ထပ်သားညှပ် ဆန်မုန့်ပါပဲ။ နူးအိနေတဲ့ ဝက်သုံးထပ်သားကို အအီပြေအောင် မုန်ညင်းစိမ်း ချဉ်လေးရယ်၊ မြေပဲထောင်းလေးရယ်နဲ့ ရောပြီး ဆန်မုန့်လေးနဲ့ တွဲစားရတာပါ။ အရမ်းစားလို့ကောင်းပါတယ်။ ကိုယ်တိုင်လုပ်စားချင်သူတွေ အောက်မှာ ပြုလုပ်နည်းလေးကို ဖတ်ကြည့်ကြပါဦးနော်။


ပါဝင်ပစ္စည်းများ

6615_12936_z.jpg 

ဝက်ဝမ်းပျဉ်သား (၂) ပေါင်၊ ကြက်သွန်နီ (၂) လုံး၊ ကြက်သွန်မြိတ် (၁) စည်း၊ ကြက်သွန်ဖြူ (၅) တောင့်၊ စမုန်စပါး (၂) ပွင့်၊ သစ်ကြံပိုးခေါက် (၁) ချောင်း၊ သကြား (၃) ဇွန်း၊ ပဲငံပြာရည် (၆) ဇွန်း၊ ဆန်ဝိုင် (၆) ဇွန်း၊ ငရုပ်ကောင်းမှုန့် ဇွန်းဝက်၊ တရုတ်ဟင်းခတ် (၅) မျိုးအမှုန့် ဇွန်းဝက်၊ မုန်ညင်းချဉ် (အစိမ်း) (ရှမ်းချဉ်လို့လည်းခေါ်ကြ) (၁) ခွက်၊ ပဲငံပြာရည် (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့်နည်းနည်း၊ ဆားနည်းနည်း၊ သကြားနည်းနည်း၊ တရုတ် (၅) မျိုးဟင်းခပ်မှုန့် နည်းနည်း၊ မြေပဲဆားလှော် လက်တစ်ဆုပ်စာခန့်၊ ရယ်ဒီမိတ်ဆန်မုန့် (၆) ခုခန့်၊ နံနံပင်အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ဝက်ဝမ်းပျဉ်သား (၂) ပေါင်ကို ရှည်မျောမျော အသားတုံးလေးတွေဖြစ်အောင် အရင်လှီးပေးလိုက်ပါ။ ပြီးရင်တော့ ဇောက်နက်တဲ့ အိုးတစ်လုံးထဲမှာ ဆီမထည့်ဘဲ ထည့်ကြော်ပေးလိုက်ပါ။ (ဆီမထည့်ရတာက ဝက်ဝမ်းပျဉ်သားထဲမှာ ဆီပါနေပြီးသား ဖြစ်နေလို့ပါပဲ။) ငါးမိနစ်ခန့် ကြော်ပြီးရင် ဝက်သားတုံးတွေ အညိုရောင်သမ်းလာလောက်ပြီဆိုတော့ အိုးထဲက ဆယ်ပြီး ပန်းကန်တစ်ချပ်ထဲ ထည့်ထားပေးလိုက်ပါ။

အိုးထဲမှာကျန်နေတဲ့ ဝက်ဆီနဲ့ပဲ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ စမုန်စပါး၊ သစ်ကြံပိုးခေါက်တို့ကို ဆီသတ်ပေးလိုက်ပါ။ ပြီးရင် သကြား (၃) ဇွန်းရယ်၊ ပဲငံပြာရည် (၆) ဇွန်းရယ်၊ ဆန်ဝိုင် (၆) ဇွန်းရယ်၊ ငရုပ်ကောင်းမှုန့် ဇွန်းဝက်ရယ်၊ တရုတ်ဟင်းခတ် (၅) မျိုးအမှုန့် ဇွန်းဝက်ရယ်ကို ရောထည့်ပြီး ယောက်မနဲ့မွှေပေးလိုက်ပါ။ ပြီးရင်တော့ ဝက်သားတုံးတွေကို ဟင်းအိုးထဲကို ရောထည့်ပေးလိုက်ပါ။ အသားနူးအောင် ရေ (၂) ခွက်ကိုလည်း ရောထည့်ပြီး (၃) နာရီခန့် အဖုံးပိတ်ပြီး ပေါင်းထားပေးလိုက်ပါ။

 

တစ်နာရီကြာရင် အဖုံးကိုခဏလှပ်ပြီး အပေါ်ယံမှာ ဝေ့တက်နေတဲ့ ဝက်ဆီတွေကို ပန်းကန်တစ်လုံးထဲကို ခပ်ထုတ်ပေးလိုက်ပါ။ မုန်ညင်းစိမ်း အချဉ်စိမ်ကို ရေထဲမှာ (၁) နာရီခန့် ကြိုစိမ်ထားပြီး အငန်ဓာတ်ကို လျှော့ချပေးပါ။ ပြီးရင် လက်နဲ့ညှစ်ပြီး ရေတွေကို စစ်ထုတ်ပေးလိုက်ပါ။

ခုနက ခပ်ထုတ်ထားတဲ့ ဝက်ဆီကို ဒယ်အိုးပြားတစ်လုံးထဲကို ထည့်ပေးလိုက်ပါ။ ပြီးရင် ရေညှစ်ပြီးသား မုန်ညင်းစိမ်းတွေကို အဲဒီဝက်ဆီထဲမှာ ထည့်ကြော်ပေးလိုက်ပါ။ ပဲငံပြာရည် (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့်နည်းနည်း၊ ဆားနည်းနည်း၊ သကြားနည်းနည်း၊ တရုတ် (၅) မျိုးဟင်းခပ်မှုန့် နည်းနည်းတို့ကိုပါ ရောထည့်ပြီး ကြော်ပေးလိုက်ပါ။ ကြော်ပြီးရင် ဘေးခနဖယ်ထားလိုက်ပါ။

 

မြေပဲဆားလှော်ကိုတော့ ငရုပ်ဆုံထဲထည့်ထောင်းပြီး မြေပဲထောင်း (၂) ဆ သကြား (၁) ဆ နှုန်းနဲ့ သကြားရောထားပေးလိုက်ပါ။ ပေါင်းအိုးတစ်လုံးထဲမှာ ပေါင်းခံစက္ကူတစ်ခုကိုခံပြီး ရယ်ဒီမိတ်ဆန်မုန့်လေးတွေကို ထည့်ပေါင်းပေးလိုက်ပါ။ အဲဒီအချိန်မှာ ဝက်သားလည်း ကောင်းကောင်းနူးလောက်ပါပြီ။ ဆန်မှုန့်ကို အလည်ကအကွဲရာလေး ဟပေးလိုက်ပြီး ဝက် (၃) ထပ်သားတုံးရယ်၊ မုန်ညင်းချဉ်ကြော်ရယ်၊ မြေပဲထောင်းရယ်ကို ထည့်ညှပ်ပေးလိုက်ပါ။ အပေါ်ကနေ နံနံပင်လေးလည်း အုပ်ပေးလိုက်ပေါ့။ ပြီးရင်တော့ အရသာရှိတဲ့ ထိုင်ဝမ် ဝက် (၃) ထပ်သားညှပ် ဆန်မုန့်ကို စိတ်တိုင်းကျသုံးဆောင်နိုင်ပါပြီနော်။

Source: CiciLi


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က