ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတာက ကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့လည်း အတူတူသွား၊ မိသားစုနဲ့လည်း အတူတူသွားပေါ့။ တစ်ယောက်တည်းသွားတော့ရော... မကောင်းဘူးလားဆိုရင် ပိုတောင်ကောင်းပါသေးတယ်လို့ ဖြေရမှာပဲ။ အစပိုင်းမှာတော့ မိန်းကလေးတစ်ယောက်တည်း ခရီးသွားရတာ ကြောက်နေမှာပေါ့။ ကြောက်ရွံ့စိတ်တွေကို တွန်းလှန်ပြီး တစ်ကိုယ်တော်ခရီးသွားကြည့်ပါလို့ မဒီတို့ကို တိုက်တွန်းချင်ပါတယ်။
၁။ သူစိမ်းတွေနဲ့ မိတ်ဖွဲ့တတ်လာတယ်
တစ်ယောက်တည်းသွားတာဆိုတော့ အဖော်မပါတဲ့အခါ ခရီးသွားဖော်တွေနဲ့ ဒေသခံတွေကို မိတ်ဆက်ပြီး အကူအညီတောင်း၊ စုံစမ်းရင်း မိတ်ဆွေသစ်တွေ ရလာတယ်။ ပေါင်းသင်းဆက်ဆံရေး တိုးတက်လာမယ်။
၂။ ကိုယ့်ဆန္ဒကိုသေသေချာချာသိလာမယ်
သူများတွေနဲ့သွားတော့ ညှိရ နှိုင်းရတာနဲ့ သူတို့လုပ်သလို လိုက်လုပ်ဖြစ်နေတာ။ ကိုယ်တကယ်ဖြစ်ချင်တာ ဘာလဲဆိုတာ မသိခဲ့ဘူး။ တစ်ယောက်တည်းသွားတော့မှ ကိုယ်ဟာ ခရီးသွားရင် ဘာကို အနှစ်သက်ဆုံးလဲဆိုတာ သေသေချာချာသိလာတယ်။
၃။ ကိုယ့်ကိုယ်ကိုယ် ပိုစီမံထိန်းချုပ်တတ်လာတယ်
အရင်တုန်းက ခရီးသွားတယ်ဆိုတာ သူများကို အားကိုးရသေးတယ်။ အခု တစ်ယောက်တည်းဆိုတော့ ကိုယ့်အားကိုယ်ကိုးတတ်လာပြီ။ ဘာပြီးရင် ဘာလုပ်ရမယ်၊ ဘယ်လိုနေမှ ဘေးကင်းမယ်ဆိုတာတွေကို သဘောပေါက်လာတယ်။
၄။ စိတ်ခံစားချက်ကောင်း
တစ်ကိုယ်တော် စွန့်စားခန်းဆိုတော့ ရင်တွေကလည်း ခုန်နေတာ။ စိုးရိမ်စိတ်တွေရော ပျော်ရွှင်စိတ်တွေရော ရောနေတဲ့ ခံစားချက်က အရမ်းမိုက်တယ်။
၅။ သွားပြီးရင်းသွားချင်
ခရီးစဉ်ပြီးသွားတဲ့အခါမှာတော့ ကိုယ့်စိတ်တွေက အရင်နဲ့မတူတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုကျေနပ် အားရလာတယ်။ သတ္တိတွေပိုရှိလာတယ်လို့ ခံစားရတယ်လေ။ အဲ့လိုနဲ့ နောက်ထပ် တစ်ကိုယ်တော်ခရီးတွေ သွားဖြစ်နေတော့မှာပါ။