မနက် မနက်ဆို ဘာစားရမလဲ စဉ်းစားရတာ တစ်လုပ်ပါ။ မြန်မာအစားအစာတွေချည်းပဲ စားနေရတာလည်း ရိုးနေပြီ။ ပေါင်မုန့်မီးကင် ထောပတ်သုတ်လည်း မစားချင်ဘူး ဆိုသူများအတွက် လုပ်ရလွယ်ကူပြီး လျင်မြန်တဲ့ မနက်စာလေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ငှက်ပျောခရင်မ် ချိစ်ကိတ်ပါပဲ။ ငှက်ပျောခရင်မ်ချိစ်ကိတ်လေးကို ကိုယ်တိုင်လုပ်စားပြီး ကော်ဖီမွှေးမွှေးလေးနဲ့ တွဲဖက်သုံးဆောင် လိုက်ကြရအောင်။
ပါဝင်ပစ္စည်းများ
Jell-O တံဆိပ် ငှက်ပျောအရသာ ပူတင်းခရင်မ် (၃.၄) အောင်စ၊ နွားနို့ (၁) ခွက်ခွဲ၊ ခရင်မ်ချိစ် (ဒိန်ခဲခရင်မ်) (၈) အောင်စ၊ သကာရည်မပါတဲ့ Whipped Cream (Cool Whip) (၂) ခွက်ခွဲ၊ သီးမွှေးငှက်ပျောသီး (၁) လုံး၊ ဗနီလာအရသာ ကွတ်ကီး (၁) ထုပ်၊ Whipped Cream (၁) ဘူးတို့ကို လိုအပ်ပါတယ်။
ပြုလုပ်နည်း
အရင်ဆုံး ပန်းကန်လုံး (၁) လုံးထဲကို Jell-O တံဆိပ် ငှက်ပျောအရသာ ပူတင်းခရင်မ် (၃.၄) အောင်စကို လောင်းထည့်လိုက်ပါ။ သူ့ကို နွားနို့ (၁) ခွက်ခွဲထည့်ပြီး ရောမွှေပေးလိုက်ပါ။ ပြီးရင် ရလာမဲ့ ပူတင်းအနှစ်လေးကို အခန်းအပူချိန်မှာ (၅) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။
နောက်ထပ်ပန်းကန်လုံး အကြီးတစ်လုံးထဲကို ခရင်မ်ချိစ် (ဒိန်ခဲခရင်မ်) (၈) အောင်စ ထည့်လိုက်ပါ။ ပြီးရင် ပူတင်းအနှစ်ရည်လေးနဲ့ ရောပြီး ကြက်ဥခေါက်တံနဲ့ ခလောက်ပေးလိုက်ပါ။ ပြီးရင်တော့ ပူတင်းအနှစ် ပန်းကန်ထဲကို သကာရည်မပါတဲ့ Whipped Cream (Cool Whip) (၂) ခွက်ခွဲ ထည့်ပေးလိုက်ပါ။ ပြီးရင် သစ်သားယောက်မတစ်ချောင်းနဲ့ သမအောင်မွှေပေးလိုက်ပါ။ ပြီးရင် ပူတင်းအနှစ်ပန်းကန်ကို ရေခဲသေတ္တာထဲမှာ အအေးခံထားပေးလိုက်ပါ။
သီးမွှေးငှက်ပျောသီး တစ်လုံးကို အခွံခွာပြီး တစ်လက်မအရွယ် အတုံးလေးတွေ တုံးပေးလိုက်ပါ။ ပြီးရင် ခုနက အအေးခံထားတဲ့ ပူတင်းအနှစ်ရယ်၊ ငှက်ပျောသီးတုံးလေးတွေရယ်၊ ဗနီလာအရသာ ကွတ်ကီးလေးတွေရယ်ကို ယူလိုက်ပါ။ အရွယ်တော်ဖန်ပုလင်း သေးသေးလေးတွေကိုယူပြီး ပူတင်းအနှစ်ကို အရင်ထည့်ပေးလိုက်ပါ။
ပြီးရင် ငှက်ပျောသီးတုံး (၃) (၄) တုံးရယ်၊ ဗနီလာကွတ်ကီး (၃) ခုလောက်ရယ်ကို ထည့်လိုက်ပါ။ ပြီးမှ အပေါ်ကနေ ဖန်ပုလင်းပြည့်သည်အထိ ပူတင်းအနှစ်ကို ဖြည့်ပေးလိုက်ပါ။ ပြီးမှ အပေါ်ကနေ Whipped Cream တင်ပြီး ဗနီလာကွတ်ကီးလေး တစ်ခုစိုက်ပေးလိုက်မယ်ဆိုရင် ပြုလုပ်ရလွယ်ကူပြီး စားလို့ကောင်းတဲ့ ငှက်ပျောခရင်မ် ချိစ်ကိတ်လေးကို သုံးဆောင်နိုင်ပါပြီနော်။
Source: Shared Foods