ဗီယက်နမ်ရိုးရာ အစားအစာတစ်မျိုးဖြစ်တဲ့ ဖိုခေါက်ဆွဲကိုလည်း စားချင်တယ်။ အမဲသားလည်း မစားဘူးဆိုတဲ့ လူတွေရှိလား။ အဲဒီလိုလူတွေအတွက် သက်သတ်လွတ် ဗီယက်နမ်ဖိုခေါက်ဆွဲ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဆန်ခေါက်ဆွဲလေးစားလိုက်၊ တို့ဟူးကြော်လေးဝါးလိုက်၊ စွပ်ပြုတ်ရည်လေး တဖူးဖူးမှုတ်သောက်လိုက်နဲ့ အရသာရှိရှိ စားသုံးရမှာပါ။



ပါဝင်ပစ္စည်းများ

Screenshot-2018-3-13 Vegan Pho.png 

ကြက်သွန်နီ (၁) လုံး၊ ကြက်သွန်နီအသေး (၂) လုံး၊ ကြက်သွန်ဖြူ (၂) တောင့်၊ ဂျင်း (၂) တက်၊ သစ်ကြံပိုးခေါက် (၁) ချောင်း၊ ငရုပ်ကောင်းစေ့ (၁/၂) ဇွန်း၊ လေးညှင်းပွင့် (၆) ပွင့်၊ စမုန်စပါး (၃) ပွင့်၊ မြေပဲဆီ (၁) ဇွန်း၊ ဟင်းသီးဟင်းရွက် အဆီခဲ (၁) တုံး၊ ပဲငံပြာရည် စားပွဲတင်ဇွန်း (၂) ဇွန်း၊ မုန်လာဥနီ (၁) လုံး၊ ပန်းဂေါ်ဖီစိမ်း (၁) ခြမ်း၊ မှို (၁၀) ပွင့်၊ ဆန်ခေါက်ဆွဲ (၆) အောင်စ၊ တို့ဟူး (၁) တုံး၊ မြေပဲဆီ စားပွဲတင်ဇွန်း (၁/၂) ဇွန်း၊ ဆား (၁) ဇွန်း၊ ရေ (၅) ခွက်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-3-13 Vegan Pho(1).png 

အရင်ဆုံး အခွံခွာပြီး အတုံးလေးတွေလှီးထားတဲ့ ကြက်သွန်နီနဲ့ ကြက်သွန်နီဥ (အသေး) လေးတွေကို အိုးတစ်လုံးထဲထည့်လိုက်ပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ လေးညှင်းပွင့်၊ ငရုပ်ကောင်းစေ့၊ သစ်ကြံပိုးခေါက်၊ စမုန်စပါးတို့ကိုလည်း ထက်ခြမ်းခြမ်းပြီး အိုးတစ်လုံးထဲကို ထည့်လိုက်ပါ။

ပြီးရင် အဲဒီအိုးကို မီးဖိုပေါ်တင်ပြီး (၂) မိနစ်ခန့် လှော်ပေးလိုက်ပါ။ ပြီးရင် အိုးထဲကို မြေပဲဆီထည့်ပြီး နောက်ထပ် (၁) မိနစ်ခန့် မွှေပေးလိုက်ပါဦး။ ပြီးမှ ရေနဲ့ ဟင်းသီးဟင်းရွက် အဆီခဲကိုထည့်ပေးလိုက်ပါ။ ဟင်းရည်ဆူပွက်လာပြီဆိုရင် အပူလျှော့ပြီး (၂၅)  မိနစ်ခန့် တည်ထားပေးလိုက်ပါဦး။ ပြီးရင် မီးပိတ်ပြီး ခဏနှပ်ထားပေးလိုက်ပါ။

ဒယ်အိုးပြားထဲမှာ မြေပဲဆီ စားပွဲတင်ဇွန်း (၁/၂) ဇွန်းထည့်ပြီး အပူပေးလိုက်ပါ။ တို့ဟူးကိုတော့ ပါးပါးလှီး ဆားနဲ့နယ်ပြီး ဒယ်အိုးပြားထဲမှာ ထည့်ကြော်ပေးလိုက်ပါ။ (၅) မိနစ်ကနေ (၈) မိနစ်ကြား ကြော်ပေးလိုက်ရင်တော့ တို့ဟူးကြော်လေးကို ရရှိပါပြီ။ ကြော်နေရင်း ထက်အောက်လှန်ပေးဖို့လည်း မမေ့ပါနဲ့ဦး။

ဟင်းချိုအိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး ဇကာတစ်လုံးခံပေးလိုက်ပါ။ ပြီးရင် အဲဒီဇကာထဲကို ဟင်းချိုရည်တွေ လောင်းထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ဖယ်ထုတ်လိုက်ပါ။ စွပ်ပြုတ်ရည်ချည်းပဲ ကျန်ခဲ့မှ ပဲငံပြာရည် စားပွဲတင်ဇွန်း (၂) ဇွန်း၊ မုန်လာဥနီ (၁) လုံး၊ ပန်းဂေါ်ဖီစိမ်း (၁) ခြမ်း၊ မှို (၁၀) ပွင့်တို့ကို ထည့်ပေးလိုက်ပါ။ မုန်လာဥနီ၊ ပန်းဂေါ်ဖီနဲ့ မှိုတို့ကို ပါးပါးလှီးပြီးမှ ထည့်ပေးရမှာပါ။ ပြီးရင် မီးပျော့ပျော့နဲ့ (၅) မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

ဟင်းသီးဟင်းရွက်တွေ ပြုတ်ထားတုန်း တခြားအိုးတစ်လုံးထဲမှာ ဆန်ခေါက်ဆွဲကို ရေနွေးပူပူနဲ့ ထည့်စိမ်ထားပေးလိုက်ပါ။ (၃) မိနစ်ခန့် စိမ်ပြုတ်ပေးလိုက်ရင် ဆန်ခေါက်ဆွဲကျက်ပါပြီ။ ဆန်ခေါက်ဆွဲကျက်ရင် ပန်းကန်လုံးတွေထဲကို အညီအမျှခွဲထည့်ပြီး စွပ်ပြုတ်ရည်၊ ဟင်းသီးဟင်းရွက်နဲ့ တို့ဟူးကြော်တို့ကို အပေါ်ကအုပ်ပေးလိုက်ပါ။ ပြီးရင်တော့ သက်သတ်လွတ် ဗီယက်နမ်ဖိုခေါက်ဆွဲလေးကို အရသာရှိရှိ ပူပူလေးဆွဲနိုင်ပါပြီ။

Source: Sidechef


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က