ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ စီအိုင်အေ အကြီးအကဲနေရာမှာ (၇၀) အတွင်းမှာ ပထမဆုံးအဖြစ် အမျိုးသမီးတစ်ဦးကို ခန့်အပ်ဖို့ အဆိုပြုလိုက်ပါတယ်။ အသက် ၆၁နှစ်အရွယ် Gina Haspel ဟာ အကြီးတန်းရာထူးကို အမျိုးသမီးခေါင်းဆောင်တစ်ယောက်အနေနဲ့ ခန့်အပ်ဖို့ လျာထားခြင်းခံရပေမယ့် အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး လှုပ်ရှားတဲ့သူတွေကတော့ သူ့ရဲ့ ရာထူးကို သဘောမတူကြပါဘူး။
Gina Haspel ဟာသူ့ရဲ့ အရင်က လုပ်ဆောင်ချက်တွေကြောင့် ဝေဖန်ခံနေရပါတယ်။ သူဟာ ထိုင်းနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Black Site အကျဉ်းထောင်ကို နှစ် ၃၀ကြာ ကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီမှာ အယ်လ်ခိုင်းဒါး အကြမ်းဖက်သမား Abd al-Rahim al-Nashiri ရေမွှန်းနှိပ်စက်ဖို့ Gina ကအမိန့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နှိပ်စက်ခဲ့တဲ့ သက်သေတွေကို ဖျောက်ဖျက်ခဲ့တာဖြစ်ပါတယ်။
သမ္မတ ထရမ့်ကတော့ အမေရိကန် နိုင်ငံရေးရဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ အမျိုးသမီးခေါင်းဆောင်တစ်ယောက်ပါဝင်လာတော့မှာ ဖြစ်တဲ့အတွက် ဂုဏ်ယူစွာပြောဆိုပေမယ့် Gina Haspel ရဲ့ အတိတ်က လုပ်ရပ်တွေဟာ အမျိုးသမီးထုအတွက် အောင်မြင်မှုတစ်ရပ်လို့ ဆိုနိုင်မလားဆိုတာ မသေချာ ဖြစ်နေပါတယ်။
တချို့ကလည်း သူ့ရဲ့ ခေါင်းဆောင်မှုနေရာအတွက် အောင်မြင်မှုကို ဝမ်းသာကြိုဆိုနိုင်သလို၊ သူ့ရဲ့ လုပ်ရပ်တွေကိုတော့ သူဟာ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဝေဖန်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
Gina Haspel ဟာအရင် စီအိုင်အေအကြီးအကဲ Mike Pompeo နေရာမှာ အစားထိုးခန့်အပ်ဖို့ လျာထားခြင်းခံရတာ ဖြစ်ပါတယ်။ Mike Pompeo ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာကြောင့် စီအိုင်အေအကြီးအကဲနေရာ လစ်လပ်နေကြောင်း သိရပါတယ်။