In partnership with  logo
ကိုယ့်အိမ်သန့်ရှင်းသပ်ရပ်မှုကို လူတိုင်းလိုချင်ကြပေမဲ့ ကျွန်တစ်ယောက်လို လုပ်နေရတာမျိုးကတော့ ခွဲခြားဖိနှိပ်တာဖြစ်သွားပါပြီ။

အလုပ်ကပြန်ရောက်လို့ လွယ်ထားတဲ့ အိတ်ကလေးကို ချလိုက်တာနဲ့ လုပ်စရာ အိမ်အလုပ်တွေ တန်းစီနေတာကိုမြင်ပြီး အမောဆို့သွားတဲ့ ခံစားချက်မျိုးဟာ မဒီတို့ အမျိုးသမီးအတော်များများ ကြုံဖူးကြမှာပါ။ အိမ်မှုကိစ္စ နိုင်နင်းမှ မိန်းမကောင်း ပီသတယ်လို့လည်း ပြောကြတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျွန်မတို့ မိန်းကလေးတွေဟာ ငယ်စဉ်တည်းက အိမ်မှုကိစ္စတွေကို အဘွား၊ အမေတို့ဆီကနေ သင်ယူပြီး လုပ်ဆောင်ခဲ့ရတယ်လေ။ ကိုယ့်အိမ်သန့်ရှင်းသပ်ရပ်မှုကို လူတိုင်းလိုချင်ကြပေမဲ့ ကျွန်တစ်ယောက်လို လုပ်နေရတာမျိုးကတော့ ခွဲခြားဖိနှိပ်တာဖြစ်သွားပါပြီ။

 

အရွယ်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ဟာ အိမ်မှုကိစ္စတွေကို မနိုင်နင်းရင်၊ မကျွမ်းကျင်ဘူးဆိုရင်ပဲ ရှုတ်ချတာခံရပါတယ်။ အိမ်ရဲ့အလုပ်တွေမို့ ကြမ်းတိုက်၊ သန့်ရှင်းရေး၊ အဝတ်လျှော်၊ မီးပူတိုက် စတာတွေကို မိန်းကလေးတွေကလည်း အနည်းနဲ့အများဆိုသလို အထိုက်အလျှောက်တော့ လုပ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အလှကြိုက်တဲ့ ကျွန်မတို့ မိန်းကလေးတွေက သပ်ရပ်သန့်ရှင်းတာကိုလည်း သဘောကျကြလို့ပါ။ ဒါပေမဲ့ ဒါဟာ အိမ်မှုကိစ္စမှန်သမျှ သိမ်းကျုံးလုပ်ရမယ်လို့ မဆိုလိုပါဘူး။

 

ဒီနေ့ခေတ် အနေအထားမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြရပါတယ်။ မိသားစုဝင်ငွေအတွက်လည်း အလုပ်လုပ်ကြရတယ်။ ယောက်ျား၊ မိန်းမ တန်းတူ အလုပ်လုပ် စီးပွားရှာရတဲ့ ခေတ်ကြီးမှာ အိမ်အလုပ်တွေကိုတော့ မိန်းမတစ်ယောက်တည်း သိမ်းကျုံးလုပ်ရတာဟာ ခွဲခြားမှုတစ်ခုပါပဲ။ မိန်းမဆိုရင် အိမ်အလုပ် လုပ်ကိုလုပ်ရမယ်၊ မိန်းမတွေမှာပဲ တာဝန်ရှိတယ်ဆိုတဲ့ ဖိနှိပ်ဆက်ဆံမှုဟာ အမျိုးသမီးတွေရဲ့ လူမှုဘဝတွေကို အထောက်အကူမဖြစ်စေဘူး။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်သွားစေပါတယ်။

 

Daily Mail မှာ ဖော်ပြခဲ့တဲ့ စစ်တမ်းတစ်ခုရဲ့ ရလဒ်အရ အိမ်ထောင်သည် အမျိုးသမီးတွေဟာ ကလေးတွေကြောင့် စိတ်ဖိစီးရတာထက် ခင်ပွန်းသည်ကြောင့် စိတ်ပင်ပန်းရတာ ပိုများတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ခင်ပွန်းသည်တွေဟာ အိမ်အလုပ်တွေကို ကူလုပ်ပေးခြင်းမရှိတဲ့အပြင် ပြစ်တင်ကြိမ်းမောင်းမှုတွေကြောင့် အိမ်ထောင်သည် အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရတယ်လို့ ပြောတယ်။ ဒါဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့ အနောက်နိုင်ငံတွေမှာတောင် ဖြစ်နေတဲ့အရာပါ။ ကျွန်မတို့ရဲ့ အာရှဒေသမှာဆိုရင် ပိုပြီးတော့ကို ဆိုးရွားပါတယ်။

ပုခက်လွှဲတဲ့လက်တွေက ကမ္ဘာကို အုပ်စိုးဖို့အတွက်ဆိုရင် အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေရှိနေဖို့လိုပါလိမ့်မယ်။ ဒါကို လုပ်တတ်တယ်၊ လုပ်နိုင်တယ် ဆိုတာနဲ့ပဲ အကုန်သိမ်းကျုံးလုပ်ရမယ်ဆိုရင် သူတို့ရဲ့ခွန်အားတွေ ဆုံးရှုံးသွားပြီး တကယ်အသုံးချရမယ့် နေရာတွေမှာ အသုံးမချနိုင်တော့ဘူး။ အိမ်ကိစ္စတွေကိုတစ်ယောက်တည်း ပင်ပင်ပန်းပန်း လုပ်ရတဲ့အခါ အားအင်ကုန်ခမ်းသွားတဲ့အတွက် အလုပ်နဲ့ သက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ ထင်သလောက် အားမစိုက်နိုင်တော့တာမျိုး ကြုံနေရပါတယ်။ အိမ်တစ်အိမ်တည်းမှာ အတူတူနေကြတယ်ဆိုရင် အိမ်ရဲ့ကိစ္စတွေကို အတူတူ မျှဝေလုပ်ဆောင်ဖို့ အကုန်လုံးမှာ တာဝန်ရှိပါတယ်။ ကိုယ့်အိမ်သပ်ရပ်သန့်ရှင်းဖို့၊ ကိုယ့်ရဲ့ဇနီးသည် ကျန်းမာပျော်ရွှင်ဖို့အတွက် အမျိုးသားတွေအနေနဲ့လည်း အိမ်မှုကိစ္စတွေကို ကူညီပေးနိုင်ပါတယ်။ ဒါမှသာ ပိုပျော်စရာကောင်းတဲ့၊ နွေးထွေးစည်းလုံးတဲ့ မိသားစုဘဝကို ရရှိလာမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က