In partnership with  logo
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာယူဆွတ်ဖ်ဇိုင်ဟာ တာလီဘန်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်ခံရပြီး ၆နှစ်အကြာမှာ ပါကစ္စတန်နိုင်ငံကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

မာလာလာယူဆွတ်ဖ်ဇိုင် အစ္စလမ်မာဘတ်မြို့တော်ကို ရောက်ရှိ

မာလာလာဟာ မတ်လ ၂၉ရက်နေ့မှာ အမိမြေ ပါကစ္စတန်နိုင်ငံရဲ့ ဘန်နဇီယာဘူတို လေဆိပ်ကို ဆိုက်ရောက်ခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံတချို့မှာ ဖော်ပြခဲ့ပါတယ်။ မာလာလာရောက်နေစဉ်အတွင်း အစ္စလမ်မာဘတ်မြို့တော်မှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားပါတယ်။

မာလာလာယူဆွတ်ဖ်ဇိုင်ရဲ့ လုံခြုံရေးက ဘာကြောင့်အရေးကြီးတာလဲ

၂၀၁၂ခုနှစ်မှာ အသက် ၁၄နှစ်ရှိတဲ့ မာလာလာဟာ ပါကစ္စတန်နိုင်ငံမှာ မိန်းကလေးတွေ ပညာသင်ကြားခွင့်ရရှိရေးအတွက် ပြောဆိုမှုတွေကြောင့် တာလီဘန်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပါတယ်။

အဲဒီအချိန်က ဆယ်ကျော်သက်ပဲရှိသေးတဲ့ မာလာလာကို ဆွက်တောင်ကြားက မင်ဂိုရာမြို့မှာ ကျောင်းအပြန် သေနတ်သမားက ဦးခေါင်းကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတကာရဲ့ သတိပြုမိမှုကို ရလာတဲ့ မာလာလာဟာ ဗြိတိန်နိုင်ငံမှာ ဆေးကုသမှုကို ခံယူပြီး မိသားစုနဲ့အတူ ဘာမင်ဂမ်မြို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

 

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အဖြစ်

ဆေးရုံကဆင်းလာပြီးတဲ့နောက်မှာ မာလာလာယူဆွတ်ဖ်ဇိုင်ဟာ သူယုံကြည်တဲ့ တကမ္ဘာလုံးမှာရှိတဲ့မိန်းကလေးတွေ ပညာသင်ကြားခွင့်ရရှိရေး နဲ့ပတ်သက်ပြီး ဆက်လုပ်ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၃ခုနှစ်မှာ မာလာလာကို တိုင်းမ်မဂ္ဂဇင်းက လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ကြေညာခဲ့ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် စာရင်းပေးခြင်းခံခဲ့ရပါတယ်။ အဲဒီနှစ်မှာပဲ မာလာလာဟာ “I am Malala - ကျွန်မ မာလာလာပါ” ဆိုတဲ့ နာမည်နဲ့ သူရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ ကို ထုတ်ဝေခဲ့ပါတယ်။

 အဲဒီနာမည်နဲ့ပဲ ကုလသမဂ္ဂအဖွဲ့အစည်းက မိန်းကလေးတွေ ပညာသင်ကြားခွင့် ကမ်ပိန်းကို စတင်ခဲ့ပြီး နိုဝင်ဘာလ ၁၀ရက်နေ့ကို မာလာလာနေ့လို့ သတ်မှတ်ခဲ့ပါတယ်။

ဒါ့အပြင် မာလာလာဟာ ဆီးရီးယားဒုက္ခသည်တွေ အများစုရှိတဲ့ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ နိုက်ဂျီးရီးယား၊ ကင်ညာ နဲ့ ဂျော်ဒန်နိုင်ငံတို့မှာ မိန်းကလေးတွေ ပညာသင်ကြားခွင့်အတွက် သူ့နာမည်နဲ့ Malala Fund ဆိုပြီး ပရဟိတအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး ထောက်ပံ့ခဲ့ပါတယ်။

အိမ်အပြန်ခရီး

တချိန်က တာလီဘန်တွေ ပစ်မှတ်ထားခံရတဲ့ ဆယ်ကျော်သက်မလေး မာလာလာကို အခုအခါမှာတော့ နိုင်ငံရဲ့ သူရဲကောင်းအဖြစ် လူမှုကွန်ယက်တွေပေါ်မှာ ပါကစ္စတန်နိုင်ငံသားအများစုက ကြိုဆိုကြောင်း ရေးသားခဲ့ကြပါတယ်။

 

မာလာလာဟာ အခုခရီးစဉ်မှာ ဝန်ကြီးချုပ် ရှာရစ် ခါဂန် အဘတ်စီ နဲ့ အစ္စလမ်မာဘတ်မြို့တော်မှာ တွေ့ဆုံခဲ့တယ်လို့  CNN သတင်းမှာဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က