တစ်သက်လုံးလက်တွဲဖို့အတွက် လက်ထပ်တော့မယ်ဆိုရင် အများကြီး အချိန်ယူစဉ်းစားမှ တော်ကာကြတာလေ။ ချစ်တာတော့ ချစ်တာပေါ့ ဒါပေမဲ့ တစ်သက်လုံး ချစ်နိုင်မလား၊ နားလည်ပေးနိုင်ပါ့မလား ဆိုတာတွေကလည်း ရှိသေးတာကိုး။ ကိုယ့်ဘဝတစ်လျှောက်လုံး သူနဲ့ပဲ ဖြတ်သန်းချင်လာပြီဆိုရင်၊ လက်ထပ်တော့မယ်ဆိုရင် ဒီအခြေအနေတွေကို ဖြတ်သန်းပြီးပြီဆိုတော့မှ ဆုံးဖြတ်စေချင်ပါတယ်နော်။
၁။ ခရီးအတူထွက်ပါ
ခရီးတိုလေးမဟုတ်ဘဲနဲ့ တကယ်ကို ကြီးမားတဲ့ ခရီးတစ်ခုကို အတူတူသွားကြည့်ပါ။ ဘယ်လိုမျိုးလဲဆိုရင် နှစ်ယောက်အတူ ပျော်ရတာချည်း မဟုတ်ဘဲ အတူတူလုပ်ဆောင်ရမယ့်အရာတွေ၊ ခံစားချက်တွေကို အပြောင်းအလဲလေးတွေ ဖြစ်သွားစေမယ့် ခရီးမျိုးပါ။ နေရာက အဓိကမကျပါဘူး။ နှစ်ယောက်လုံးအတွက် စိန်ခေါ်မှုတွေ ဖြစ်လာစေမယ့် ခရီးမျိုးကို အတူတူသွားကြည့်ပါဦး။
၂။ အကြီးအကျယ်သတ်ပြီး အောင်အောင်မြင်မြင်ပြေလည်သွားတယ်
တစ်ယောက်ကိုတစ်ယောက် မခေါ်နိုင်မပြောနိုင် ဖြစ်ရလောက်အောင် ရန်ဖြစ်ကြပြီးမှ ပြန်ပြေလည်သွားကြတာမျိုး ဖြစ်ဖူးပြီလား။ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နစ်နာအောင်မလုပ်မိဘဲ ရန်ဖြစ်နေတာတွေကို အဆုံးသတ်နိုင်ခဲ့ပြီးပြီလား။ စကားများရန်ဖြစ်တာ စိတ်ဆိုးစိတ်ကောက်တာက စုံတွဲတိုင်းကြုံနေရတဲ့ကိစ္စလေ။ အဲ့လိုအချိန်မျိုးမှာ စိတ်ထဲနာကျင်သွားလောက်အောင် ဒဏ်ရာတွေမရစေဘဲ ပြေလည်သွားအောင် ဖြေရှင်းတတ်အောင် ကြိုးစားကြည့်ပြီးမှ အိမ်ထောင်သည်ဘဝကို စိတ်ကူးသင့်တယ်။
၃။ နောက်ခံအကြောင်းတွေပြောပြီးပြီလား
ကိုယ့်ရဲ့ ငယ်ဘဝကိစ္စတွေ အတိတ်ဖြစ်ရပ်တွေနဲ့ မိသားစုအကြောင်းတွေ ပြောပြီးကြပြီလား။ ဖုံးကွယ်လိမ်ညာထားပြီး လက်ထပ်တာထက် ပွင့်ပွင့်လင်းလင်း ပြောပြ တိုင်ပင်ပြီးမှ ရှေ့ဆက်ကြတာကသာ မှန်ကန်တဲ့နည်း ဖြစ်ပါတယ်။ တကယ်ချစ်တဲ့လူဆိုတာ အတိတ်ကို ပြန်တူးဖော်ပြီး အပြစ်ရှာနေမှာမဟုတ်ဘူး။ ရှေ့ဆက်ဖို့ကိုပဲ အာရုံစိုက်မယ့်လူမျိုးပါ။
၄။ ငွေရေးကြေးရေးမျှဝေတယ်
သူကတော့ ယောက်ျားလေးပဲ အိမ်ထောင်ကျပြီးရင် လုပ်ကျွေးပေါ့တို့ ... မင်းကပိုက်ဆံရှိတာပဲ မင်းပဲရှင်းတို့ ဆိုတဲ့ တစ်ဖက်သက်ဆန်တာတွေက တကယ့်အချစ်မဟုတ်ဘူးနော်။ အတူတူ သွားကြစားကြတဲ့အခါ ကုန်ကျစရိတ်ကို မျှခံတာမျိုး ဖြစ်သင့်ပါတယ်။ ငွေရေးကြေးရေးပိုင်းမှာ တစ်ယောက်တည်းကို မှီခိုနေတာမျိုးက ရေရှည်ဆိုရင် အဆင်မပြေနိုင်ဘူး။ ဖြစ်သင့်တာကတော့ နှစ်ယောက်စာဘတ်ဂျတ်ကိုထုတ်ထားပြီး အဲ့ဒီဘတ်ဂျတ်နဲ့ လောက်အောင်သုံးတာ အကောင်းဆုံးပါ။
၅။ လုံလောက်တဲ့ရင်းနှီးကျွမ်းဝင်မှု
နိုင်ငံခြားမှာ ဆိုရင်တော့ လက်မထပ်မီ အတူတူနေကြည့်ကြပါသေးတယ်။ ဘဝကို အတူတူဖြတ်သန်းကြည့်ဖို့အတွက် အဆင်ပြေ၊ မပြေဆိုတာကို သိရအောင်လို့လေ။ မြန်မာ့ယဉ်ကျေးမှုမှာတော့ ဒီလိုမျိုးက သိပ်မရှိဘူး။ အကောင်းဆုံးကတော့ နှစ်ယောက်သားနီးနီးကပ်ကပ်နေကြည့်ဖို့ပါပဲ။ သူ့အိမ်သားတွေနဲ့ရော သူနဲ့ပါ ကိုယ်က ရင်းနှီးကျွမ်းဝင်နေပြီဆိုရင် အကောင်းဆုံးပေါ့။ သူ့အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေကို ဂဃနဏ သိထားပြီးတော့မှ လက်ထပ်ဖို့ပါပဲ။ သမီးရည်းစားဘဝတုန်းက အရမ်းချစ်ပြသလောက် အိမ်ထောင်ကျတော့မှ ဆူဆဲရိုက်ပုတ်တဲ့စရိုက်တွေ ပေါ်လာလို့ ကွဲကြကွာကြရတာဟာ ဒီလိုမျိုးလုံလောက်တဲ့ ရင်းနှီးမှု မရခဲ့လို့ပါ။