မဒီတို့ မိန်းကလေးတွေအနေနဲ့ ဆောရီးဆိုတဲ့ ဒီစကားကို မကြာခဏ ပြောဖြစ်ကြလိမ့်မယ် ထင်ပါတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးတွေ ဖြစ်ချင်တဲ့အခါ ကိုယ့်ဘက်က မှန်မှန်၊ မှားမှား ဆောရီးပြောဖြစ်တာမျိုးရော ရှိလား။ တချို့သော ဆောရီးတွေဟာ ကိုယ့်ရဲ့တန်ဖိုးကိုကျဆင်းသွားစေတတ်လို့ မပြောဘဲနေတာ အကောင်းဆုံးပါပဲ။
၁။ အစည်းအဝေးတွေထဲက အမြင်မတူမှု
အထူးသဖြင့်တော့ brain storming လုပ်တဲ့ အစည်းအဝေးတွေမှာ အမြင်မတူမှုတွေက သေချာပေါက် ရှိကြတယ်။ ပိုကောင်းလာဖို့အတွက် တိုင်ပင်ဆွေးနွေးကြတာလေ။ မတူညီတာတွေရှိနေတာကို ဘာမှစိတ်မညစ်ပါနဲ့။ သူများတွေအားလုံးနဲ့ ကိုယ်တစ်ယောက်တည်း အမြင်မတူနေဘူးဆိုရင်တောင် သူတို့ကို အားနာပြီး ဆောရီးပြောစရာမလိုဘူး။ ကိုယ့်အမြင်နဲ့ကိုယ်ပဲ။ ဒါပေမဲ့ ရွေးချယ်ဆုံးဖြတ်တာကတော့ အကောင်းဆုံးနည်းကို ဆုံးဖြတ်သင့်တယ်။
၂။ မလုပ်ပေးနိုင်တာအတွက် တောင်းပန်မှု
ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ပါ။ ကိုယ်မလုပ်နိုင်တာကို မလုပ်ပေးနိုင်ဘူးလို့ ပြောတာက ရိုင်းရာမကျပါဘူး။ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာကို ကျော်လွန်နေပြီမို့လို့ မလုပ်ပေးနိုင်တာကို ဘာကြောင့် တောင်းပန်နေမလဲနော်။
၃။ လိင်တောင်းဆိုမှုကို မလိုက်လျောနိုင်တဲ့အတွက် တောင်းပန်မှု
ချစ်ရင် လိုက်လျောပါဆိုတဲ့ စကားက ကိုယ့်အတွက် စိတ်ပင်ပန်းစရာ ဖြစ်နေရင် ဘာလို့တောင်းပန်ရမှာလဲ။ ဆောရီးပါလို့ကို ပြောစရာမလိုဘူးနော်။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပိုင်တဲ့အတွက် သူဘယ်လောက်ပဲပြောပြော၊ ဘယ်လိုပဲ ထိပါးလာပါစေ ငြင်းဆန်ခွင့်အပြည့်အဝရှိတယ်။ မလိုက်လျောနိုင်တာကို အားနာပြီးတောင်းပန်စရာလည်း မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့လည်း မခံစားပါနဲ့လို့ မဒီက ပြောချင်ပါတယ်။