အမေရိကန်နပန်းမယ် ရွန်ဒါ ရူဆေး (Ronda Rousey) ဟာ WWE ရဲ့ အမျိုးသမီးနပန်းပွဲအစီအစဉ်တွေမှာ ပထမဆုံးပါဝင်ပြီးနောက် အနိုင်နဲ့ စင်မြင့်ထက်က နှုတ်ဆက်လိုက်ပါတယ်။ ရွန်ဒါရူဆေးနဲ့ WWE တို့ဟာ Wrestlemania 34 ပွဲ မတိုင်မီတည်းက ဆွေးနွေးနေခဲ့ကြတယ်လို့ သိရပါတယ်။ Wrestlemania 34 ပွဲကိုတော့ တနင်္ဂနွေနေ့က နယူးအော်လိန်းက Mercedes-Benz Superdome မှာ ပြုလုပ်ခဲ့တာပါ။
WWE ရဲ့ Women Battle မှာ ရွန်ဒါဟာ ဂန္ထဝင်နပန်းသမား Kurt Angle နဲ့အတူ တွဲဖက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ Stephanie McMahon နဲ့ Triple H တို့ အဖွဲ့ကို ရွန်ဒါနဲ့ အိန်ဂျယ်တို့က ယှဉ်ပြိုင်ရတာဆိုတော့ ပွဲက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။
ရွန်ဒါနဲ့ McMahon တို့ဟာ Raw မှာ ဆုံခဲ့ကြဖူးပါတယ်။ အဲ့ဒီတုန်းကတော့ ရွန်ဒါက McMahon ကို အနိုင်မရခဲ့ပါဘူး။ အသက် ၃၁ နှစ်အရွယ် နပန်းမယ် ရွန်ဒါဟာ အိန်ဂျယ်နဲ့အတူ McMahon ၊ Triple H အတွဲကို တက်ညီလက်ညီ သတ်ပုတ်ပြီး မိနစ် ၂၀ အကြာမှာ အနိုင်ရသွားခဲ့တာပါ။ ပြိုင်ဘက်ဟောင်းကို အနိုင်ရပြီးနောက်မှာတော့ " ကျွန်မရဲ့ မင်္ဂလာပွဲနေ့ ပြီးရင် ဘဝမှာ အကြိုက်ဆုံး နေ့တစ်နေ့ပဲ" လို့ ရွန်ဒါက ပြောပါတယ်။
Wrestlemania 34 ဟာ WWE က စီစဉ်ကျင်းပတဲ့ pay-per-view ပွဲ ဖြစ်ပါတယ်။ အိုလံပစ်ကစားသမား၊ UFC ချန်ပီယံဟောင်း ရွန်ဒါရူဆေးဟာ WWE နဲ့ ပြီးခဲ့တဲ့လမှာ full-time အဖြစ်နဲ့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ UFC နဲ့ နောက်ဆုံးပွဲစဉ်နှစ်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ရွန်ဒါက WWE နဲ့ စာချုပ် ချုပ်ခဲ့တာပါ။
Source : BBC, CBS