တစ်နှစ်လုံး စောင့်နေခဲ့ရတဲ့ သင်္ကြန်ပိတ်ရက်ရှည်ကတော့ ရောက်လာပါပြီ။ သင်္ကြန်မလည်ဘဲ ခရီးသွားဖို့ အစီအစဉ်ရှိရင်တော့ ခုချိန်ကစပြီး ထုပ်ပိုးပြင်ဆင်ရတော့မှာပေါ့။ ကိုယ့်နိုင်ငံထဲပဲ လှည့်ပတ်သွားပြီး သင်္ကြန်ကျမယ်ဆိုရင်တော့ ဒါလေးတွေကို ထည့်ဖြစ်အောင်ထည့်သွားသင့်ပါတယ်။
၁။ နေရောင်ကာပစ္စည်း
ဧပြီလဆိုတာ အပူရှိန်အပြင်းဆုံး လတွေထဲမှာ ပါဝင်တော့ နေရောင်ဒဏ်ကို ကာဖို့လိုပါတယ်။ အသားမည်းသွားမှာထက် ကျန်းမာရေးထိခိုက်နိုင်တာမို့ နေရောင်ကို တတ်နိုင်သမျှ ကာကွယ်ပါ။ နေရောင်ကာလူးဆေး (sunscreen) ၊ နေကာမျက်မှန်နဲ့ ဦးထုပ်တို့ကို မပါမဖြစ်ဆောင်ထားရပါမယ်။
၂။ အဝတ်အစား
ကားထဲမှာ အဝတ်ပိုတစ်စုံ အမြဲတမ်း ဆောင်ထားပါ။ ဒါမှမဟုတ် ရေလုံအိတ်နဲ့ထည့်ပြီး လွယ်ထားတာ ကောင်းပါတယ်။ ကိုယ်က ရေမစိုချင်ဘူးဆိုရင်တောင် ပက်မယ့်လူတွေက ပက်ဦးမှာလေ။ ရေမစိုတဲ့ နေရာတွေမှာတော့ အလင်းပြန်တဲ့ ချည်သားလက်ရှည်ပွပွကိုပဲ ဝတ်ထားပါ။ အရမ်းကျပ်လွန်းတာတွေက စိတ်အိုက်ပြီး နေရခက်မယ်။ ခရီးသွားတာပဲဥစ္စာ သက်တောင့်သက်သာပေါ့။ ဖိနပ်ဆိုရင်လည်း သက်တောင့်သက်သာဖြစ်မယ့်ဖိနပ်မျိုးကို ဆောင်သွားတာပဲ ကောင်းပါတယ်။
၃။ မရှိမဖြစ် အလှကုန်ပစ္စည်းတွေ
ရေစိုခံပစ္စည်းတွေကို ရွေးလိုက်တာ မမှားပါဘူး။ နှုတ်ခမ်းနီ၊ မျက်တောင်ကော့ဆေး၊ မျက်ခုံးမွေးဆွဲတံတို့ကတော့ မပါမဖြစ်ပေါ့။ မိတ်ကပ်မလိမ်းချင်ရင်တောင် ဓာတ်ပုံတွေထဲမှာ ဖြူဖပ်ဖြူလျော်ဖြစ်မနေအောင်လို့လေ။ မပါမဖြစ်သယ်ရမှာ skincare ပစ္စည်းတွေပါ။ ခရီးသွားရင် နေဒဏ် လေဒဏ်ကြောင့် အသားအရေပျက်စီးမှာဆိုတော့ ညဘက်မှာ ကောင်းကောင်းအားပြန်ဖြည့်ပါ။ ဘာမှမသယ်နိုင်ရင်တောင် sheet mask တွေ သယ်သာသွား။
၄။ ရေလုံအိတ်
စာရွက်စာတမ်း၊ ဖုန်းနဲ့ ပိုက်ဆံတို့လို မရှိမဖြစ်အရာတွေကို ရေလုံအိတ်နဲ့ပဲထည့်ပါ။ မနှမျောပါနဲ့။ ရေဝင်ပြီး ပျက်သွားမှ ပိုဝမ်းနည်းရလိမ့်မယ်လေ။