In partnership with  logo
“ကင်ဆာဖြစ်နေပေမယ့် ဘဝဟာ ရပ်တန့်မသွားပါဘူး”

ကင်ဆာရောဂါရှိပြီလို့ကြားလိုက်တာနဲ့ ကိုယ်ဒီလောကကြီးမှာ ဘယ်လောက်ကြာကြာနေဖို့ ကျန်သေးလဲ၊ ကိုယ်ဘာကြောင့် ကင်ဆာဖြစ်ရတာလဲ ဆိုတဲ့ မေးခွန်းတွေကိုပဲ ထုတ်ကြပါတယ်။

 

ကင်ဆာရောဂါဝေဒနာရှင်တစ်ယောက်ဟာ စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ အင်မတန်အရေးကြီးပါတယ်။ ဘီဘီစီပေါ့ဒ်ကတ်စ်ရဲ့ “You, Me and the Big C” ဆိုတဲ့ ရေဒီယိုအစီအစဉ်မှာ Lauren, Rachel နဲ့ Deborah တို့ ကင်ဆာဝေဒနာရှင် အမျိုးသမီးသုံးဦးက ကင်ဆာဝေဒနာရှင်တွေလည်း ဘဝကို ပျော်ပျော်ကြီး ဖြတ်ကျော်လို့ရသေးတယ်ဆိုတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပါတယ်။

ကင်ဆာဝေဒနာရှင်လို့ပြောလိုက်ရင် အိပ်ယာပေါ်က မထနိုင်တဲ့ လူမမာလို့ပဲပြေးမြင်တတ်ကြပါတယ်။

“ကင်ဆာဖြစ်နေပေမယ့် ဘဝဟာ ရပ်တန့်မသွားပါဘူး” လို့ Rachel ကပြောပါတယ်။

အသက် ၄၀အရွယ် Rachel နဲ့ အသက် ၃၅နှစ်ရှိတဲ့  Deborah တို့နှစ်ဦးစလုံးဟာ ဆေးကုသမှုခံယူတဲ့အချိန်မှာ ဆံပင်ကျွတ်ခဲ့တယ်လို့ပြောပါတယ်။

 

“ကီမိုသွင်းတဲ့အချိန်မှာ မျက်နှာမှာ အကွက်တွေဖြစ်ပြီး၊ ဆံပင်တွေရော၊ မျက်လုံးတွေရောကျွတ်ခဲ့တယ်”လို့  Rachel ကပြောပါတယ်။ ကင်ဆာဆဲလ်တွေရှင်းသွားပြီးနောက် အခုအခါမှာတော့ သူဟာ နဂိုရုပ်ရည်အတိုင်း ပြန်ပြီး ရှင်သန်နေပါပြီ။

ကင်ဆာရောဂါသည်တစ်ဦးဟာ နေမကောင်းလို့ အချစ်ရေးနဲ့ အပျော်အပါးတွေ ရပ်တန့်မသွားသင့်ပါဘူး။ ရည်းစားများတဲ့ Lauren က ကင်ဆာဆေးကုသမှုခံယူနေပေမယ့်လည်း သူ့ရဲ့ အချစ်ရေးကို ထိခိုက်မသွားခဲ့ဘူးလို့ ပြောပါတယ်။

“ကျွန်မကတော့ ဘယ်သူနဲ့တွဲတွဲ ကျွန်မမှာ ကင်ဆာရှိတယ်ဆိုတာ သူတို့ကိုပြောထားတယ်။”

“တခါတလေ သူငယ်ချင်းတွေက အရက်သောက်ဖို့လာခေါ်တယ်။ အဲလိုအချိန်တွေမှာ ကိုယ့်ဟာကိုယ် ကင်ဆာဝေဒနာရှင်တစ်ယောက်ဆိုတာ ခဏတော့ မေ့နေတယ်”လို့ သူကပြောပါတယ်။

 

ကင်ဆာဖြစ်ပြီဆိုရင် ကိုယ့်ဘေးမှာ ဘယ်သူက မိတ်ဆွေစစ်၊ မိတ်ဆွေမှန်လဲဆိုတာ သိနိုင်ပါတယ်။ Rachel ကတော့ ကင်ဆာဖြစ်နေပြီလို့ ပြောလိုက်ပြီးတဲ့နောက် သူငယ်ချင်းတချို့က အဆက်အသွယ်ဖြတ်ခဲ့တယ်လို့ပြောပါတယ်။ “တချို့ကျတော့လည်း အားမပေးတတ်ကြဘူး။ ရောဂါသည်ကတောင်ပြန်ပြီး အားပေးရတယ်”လို့ပြောပါတယ်။

ကင်ဆာဝေဒနာရှင်တစ်ယောက်က အသေးအဖွဲတွေကို သိပ်စိတ်မဝင်စားတော့ဘူး။

“အရင်ကတချိန်လုံးကိုယ့်ဘဝတက်လမ်းအတွက်၊ ပိုက်ဆံအတွက် စိတ်ပူနေခဲ့တာ ကင်ဆာဖြစ်ပြီးနောက် ဒီအပူတွေလုံးဝမရှိတော့ဘူး”လို့ Rachel ကပြောပါတယ်။

Lauren ကလည်း သူ့ကိုယ်သူအရင်က စိတ်တိုင်းမကျခဲ့တာတွေ အခုအကောင်းဘက်က မြင်လာတယ်လို့ပြောပါတယ်။

သူတို့သုံးဦးဟာ ဒီရောဂါကြီးဖြစ်လို့ ဝမ်းသာခဲ့ကြတာတော့ မဟုတ်ပေမယ့် ကင်ဆာဖြစ်ပြီးနောက်မှာ သူတို့ရဲ့ ခံယူချက်၊ အတွေးအခေါ်တွေဟာ အသစ်တဖန် အားလုံး ပြောင်းလဲသွားခဲ့ကြတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က