In partnership with  logo
“လမ်းလျှောက်တုန်းမှာ ယောကျ်ားတစ်ယောက်ရဲ့ လက်ကြီးက ရင်ဘက်ကို ဖျစ်ညှစ်သွားတာ။ လူအုပ်ထဲမှာဆိုတော့ ဘယ်သူလုပ်လိုက်မှန်းမသိဘူး။”
 

မြန်မာ့ရိုးရာ အတာသင်္ကြန် တခါပြန်ကျရောက်လို့ လာပြန်ပါပြီ။ ဒီလိုသင်္ကြန်ကာလမှာ မဏ္ဍပ်တွေ၊ ပွဲလမ်းသဘင်တွေနဲ့ တမြို့လုံးစည်ကားလို့ နေမှာဖြစ်ပါတယ်။ အဲလိုအချိန်မှာ လူအုပ်ကြားမှာ ယောကျ်ားလေးတွေက မိန်းကလေးတွေကို နောက်ပြောင်ကျီစယ်ရာကနေ၊ ကိုယ်ထိလက်ရောက်စော်ကားမှုတွေပါ လုပ်လာတဲ့ အခြေအနေတွေ အများကြီး ကြုံရလေ့ရှိပါတယ်။

သင်္ကြန်အကြိုရက်က စပြီး အတက်ရက်ရောက်တဲ့အထိ လေးရက်အတွင်းမှာ အမျိုးသမီးတွေဟာ ကာယိနြေ္ဒနှောက်ယှက်မှုကို နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ် မျိုးစုံကြုံတွေ့ရပါတယ်။ လူပုံအလယ်မှာ အမျိုးသားတွေက ပါးစပ်နဲ့ စုတ်သပ်ခေါ်တာ၊ လူအုပ်ကြားထဲမှာ အမျိုးသမီးတွေရဲ့ ရင်ဘက်၊တင်ပါး၊ မိန်းမကိုယ်စတဲ့နေရာတွေကို လက်နဲ့ ကိုင်တွယ်တာ စတဲ့အပြုအမူတွေဟာ နှစ်တိုင်းလိုလိုကြုံနေရတဲ့ ပြဿနာတွေပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တစ်ခုမှာ နေထိုင်တဲ့ မမြတ်မြတ်မိုးက သူအသက် ၁၆ နှစ် အရွယ်မှာ သင်္ကြန်လည်တုန်းက အမျိုးသားတစ်ဦးရဲ့ ကိုယ်ထိလက်ရောက်စော်ကားမှုကို ခံခဲ့ရကတည်းက သင်္ကြန်မလည်တာ ၁၀နှစ်ကျော်ရှိပြီလို့ ပြောပါတယ်။

“လမ်းလျှောက်တုန်းမှာ ယောကျ်ားတစ်ယောက်ရဲ့ လက်ကြီးက ရင်ဘက်ကို ဖျစ်ညှစ်သွားတာ။ လူအုပ်ထဲမှာဆိုတော့ ဘယ်သူလုပ်လိုက်မှန်းမသိဘူး။” လို့ သူကပြောပါတယ်။

ဒီလိုမျိုးတွေကြုံလာတိုင်း မြန်မာအမျိုးသမီးအများစုမှာ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ အရှက်သိက္ခာကို ကျဆင်းမှာကို စိုးရိမ်တဲ့အတွက် ထုတ်ဖော်ပြောလေ့သိပ်မရှိပါဘူး။

“ကိုယ်လည်းလုံလုံခြုံခြုံဝတ်ထားလျက်နဲ့ အဲဒီလိုလုပ်ခံရတော့ နာလည်းနာ ရှက်လည်းရှက်တယ်။ အနားမှာပါတဲ့ သူငယ်ချင်းတွေကို ပြောပေမယ့် ဘယ်သူ့လက်ချက်မှန်းမသိလို့ ဘာမှ မလုပ်ခဲ့ရဘူးလို့” မမြတ်မြတ်မိုးက ပြောပါတယ်။

ဒီလို ပြဿနာတွေကို နှစ်စဉ်လိုလို ကြားနေရပေမဲ့ အမျိုးသမီးတွေဘက်က ကာကွယ်ပေးတဲ့ ထိရောက်တဲ့ အရေးယူမှုထက် တားမြစ်ချက်စည်းမျဉ်းတွေကသာ ပိုတိုးလာပါတယ်။

 

သင်္ကြန်နားနီးပြီဆိုရင် နှစ်စဉ် နိုင်ငံပိုင်သတင်းစာနဲ့ ရုပ်သံတွေမှာ ဖော်ပြတဲ့စည်းမျဉ်းတွေထဲမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ဝတ်စားဆင်ယင်ခြင်း၊ မိန်းကလေးများဆွေမျိုးသားချင်းများမဟုတ်သူများနှင့်အတူလည်ပတ်ခြင်း၊ ၎င်းတို့မှကျွေးသောအစားအသောက်များကို မချင့်မချိန်စားခြင်း၊ အချိန်လွန်ရေပက်ကစားခြင်း နဲ့ လည်ပတ်ခြင်း ဆိုတဲ့ အချက်ပါဝင်ပါတယ်။

၂၀၁၆ခုနှစ်က မန္တလေးသင်္ကြန်မှာ ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ဝတ်စားဆင်ယင်မှုတွေကို အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။

မန္တလေးခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး စိန်ထွန်းက ဘီဘီစီသတင်းဌာနက ဖြေကြားတဲ့ သတင်းထဲမှာ ယဉ်ကျေးမှုနဲ့ မညီတဲ့ ဝတ်စားဆင်ယင်သူတွေကို မဖွယ်မရာ ကိုယ်အမူအရာကို ပြတဲ့အတွက် ရဲဥပဒေပုဒ်မ ၃၄(၇) နဲ့ အရေးယူနိုင်ကြောင်းဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဖြစ်ပေါ်လာပြီဆိုရင် ဒီကိစ္စကို လူမှုရေးပြဿနာထက် ပတ်ဝန်းကျင်က အမျိုးသမီးရဲ့ ဝတ်စားဆင်ယင်မှုကိုပဲ ဝေဖန်ကဲ့ရဲ့လေ့ရှိပါတယ်။

ကာတွန်းမောင်လင်းရေးဆွဲတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်စာမျက်နှာက ကာတွန်းတစ်ခုမှာ သူရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်လို့ လာတိုင်တန်းတဲ့ အမျိုးသမီးငယ်တစ်ဦးက ခေတ်ဆန်ဆန်အဝတ်အစားဝတ်ထားပြီး၊ ဌာနဆိုင်ရာအမျိုးသမီးကြီးက သူ့ရဲ့ အဝတ်အစားကို လုံလုံခြုံခြုံဝတ်ဖို့ ပြန်ပြောတဲ့ပုံကို ဖော်ပြရေးဆွဲထားပါတယ်။

 

လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ ဝတ်စားဆင်ယင်မှုက လိင်ပိုင်းဆိုင်ရာစော်ကားမှုမှာ အနည်းငယ်ပါဝင်ပေမယ့် ပင်မအချက်မဟုတ်ဘူးလို့ ပြောပါတယ်။

“တချို့လိင်ပိုင်းဆိုင်ရာစော်ကားတဲ့သူတွေပြောက ရိုးရိုးတမ်းတမ်းဝတ်စားတဲ့သူကို သူတို့ ပိုပြီးလုပ်ချင်တယ်တဲ့။ ဘာလို့လဲဆိုတော့ သူတို့တွေက သိပ်လည်းမစွာဘူး။ ငြိမ်ခံနေမယ့် အမျိုးသမီးတွေဖြစ်လို့ ပိုလုပ်ချင်တယ်လို့ အဲဒီလိုယောကျ်ားချင်းပြောတာ ကျနော်ကြားဖူးတယ်။” လို့ သူကပြောပါတယ်။

ဒါ့အပြင် ဦးအောင်မျိုးမင်းက “ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့နေရာမှာ အဝတ်အစားတင်မကဘူး မြန်မာ့ရိုးရာအတိုင်း သူများကို မစော်ကားဘူး။ မောင်နှမချင်းသဘောထားဖို့လိုအပ်တယ်ဆိုတဲ့ မြန်မာ့စိတ်ဓာတ်ကို လည်း စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းဖို့လိုအပ်တယ်လို့” သူကဆက်ပြောပါတယ်။

မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်လိုပဲ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ဆုံခရမ်လို့ခေါ်တဲ့ ထိုင်းနှစ်သစ်ကူး ပွဲတော်ကာလမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ဖို့ ပြည်သူတွေကို မလုံမခြုံအဝတ်အစားတွေကို မဝတ်ကြဖို့၊ မဖွယ်မရာအပြုအမူတွေ မလုပ်ဖို့ တားမြစ်ထားကြောင်း မတ်လ ၂၂ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။

 

လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Women and Men Progressive Movement Foundation က ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အခုနှစ်သင်္ကြန်မှာ အမျိုးသမီးတွေကို ပိုမိုလုံခြုံတဲ့ အကာအကွယ်ပေးမှုမျိုးလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ အဲဒီသတင်းစာထဲမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၁၈ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ သက်ငယ်မုဒိန်းမှုတွေပတ်သက်ပြီး အမျိုးသမီးရေးလှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေက လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။

FDA ဝန်ထမ်းအမျိုးသမီး မုဒိန်းကျင့် အသတ်ခံရမှု၊ မန္တလေးမြို့မှာ အသက်၂နှစ်အရွယ်မိန်းကလေး မုဒိန်းကျင့်ခံရမှု နဲ့ ဗေဒင်ဆရာအောင်ချစ်ပိုကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ ပတ်သက်ပြီး တရားစွဲမှုတွေဟာ လူမှုကွန်ယက်တွေပေါ်မှာ လူပြောများတဲ့အမှုတွေဖြစ်ကြပြီး၊ အဲဒီကမှ တဆင့် မုဒိန်းမှုကျူးလွန်သူကို ကြီးလေးတဲ့ ပြစ်ဒဏ်ချဖို့ အမျိုးသမီးတွေပါဝင်တဲ့ လှုပ်ရှားမှုတွေလုပ်ခဲ့ကြပါတယ်။

အဲဒီလိုကြီးလေးတဲ့ အမှုတွေဟာ လူအများရဲ့ အာရုံစိုက်မှုကို ခံရပေမယ့် တကယ်တော့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို နေရာအနှံ့မှာ အမျိုးသမီးတွေ နေ့စဉ်လိုလိုကြုံတွေ့နေရတာဖြစ်ပါတယ်။  ရန်ကုန်မြို့မှာ ဘတ်စ်ကားပေါ်မှာ၊ တက္ကစီပေါ်မှာ အမျိုးသမီးတွေ ကာယိနြေ္ဒပျက်ပြားအောင်နှောက်ယှက်မှုလုပ်တဲ့သတင်းတွေ မကြာခဏကြားလေ့ရှိပါတယ်။

 

ဒါပေမယ့် အမျိုးသမီးတွေဘက်က ကာယိနြေ္ဒပျက်ပြားအောင်နှောက်ယှက်မှု ရှိလာရင်တိုင်တန်းနိုင်တဲ့ ဥပဒေရှိတယ်ဆို မသိတာ နဲ့ ထိရောက်တဲ့ အရေးယူမှုမရှိတာကြောင့် တိုင်တန်းမှုနည်းတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အမှုကိုလက်ခံမယ့်သူတွေက ဒါကို အရေးတယူမလုပ်ကြဘူး။ အသေးအဖွဲလို့သဘောထားတယ်။ အမှုဖွင့်မယ်ဆိုရင် တရားရေးဆိုင်ရာသွားရတော့မယ်။ အဲဒီအခါကျရင် ဘယ်လောက်ကြာမလဲလို့ မပြောနိုင်ဘူး အဲဒါကြောင့် အချိန်ကြာမြင့်မှုရယ်၊ တရားရေးဆိုင်ရာ မယုံကြည်မှုတွေရှိနေတယ်” လို့သူကပြောပါတတယ်။

လမ်းပေါ်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု အများဆုံးဖြစ်ပွားတဲ့သင်္ကြန်ကာလမှာ လုံခြုံရေးက ဒီကိစ္စကို သတိလက်လွတ် မနေသင့်ဘူးလို့ သူကပြောပါတယ်။

“လူတွေက ခြေဆော့လက်ဆော့ မူးမူးရူးရူးတွေဖြစ်တော့ ဒီဟာကို သိပ်ပြီးတော့ ဆိုးဝါးတယ်လို့ မမြင်ကြဘူး။ ရပ်ရွာအတွင်းမှာ လုံခြုံရေးက ဒီကိစ္စတွေကို ရပ်တန့်လိုက်တာမျိုးမဟုတ်ပဲ ပြသနာဖြစ်လာရင် ထိန်းသိမ်းလို့ရပြီး ရဲဆီလွှဲပြောင်းပေးလို့ရပါတယ်ဆိုတာ အသိပေးပြီး လုပ်ဆောင်နိုင်ရင်ကောင်းမယ်” လို့ ဦးအောင်မျိုးမင်းက ဓူဝံမီဒီယာကိုပြောပါတယ်။

လူတိုင်းစိတ်လွတ်ကိုယ်လွတ်ပျော်မြူးကြတဲ့ သင်္ကြန်ပွဲတော်ကာလမှာ မူးယစ်သောက်စားသူတွေမှုကို ဥပဒေအရတားမြစ်ထားပေမယ့် အရက်ကြောင့် အန္တရယ်ကျရောက်ခဲ့တဲ့ သာဓကတွေအများကြီးရှိဖူးပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့လည်း အလွန်အကျွံအရက်သောက်စားမှုကြောင့် မိမိရဲ့ အဝတ်အစားအပေါ် သူတပါး အမြတ်ထုတ်မခံရဖို့ ထိန်းသိမ်းဖို့လိုတယ်လို့ သူကသတိပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က