In partnership with  logo
အချစ်ရဲ့ကြီးမားတဲ့စွမ်းအင်က သူတို့ရဲ့ဆန္ဒကို ပြည့်မြောက်သွားစေခဲ့ပါတယ်။

လော်ရင်နဲ့မိုက်ကယ်ဘန့်ခ်တို့ဟာ မတ်လ ၂၄ ရက်နေ့က မင်္ဂလာပွဲကို ကျင်းပခဲ့ကြတဲ့ ဇနီးမောင်နှံတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲကို ဒီ့ထက်စောပြီး ပြုလုပ်ဖို့ ဆရာဝန်တွေက တိုက်တွန်းခဲ့ပေမဲ့ ချစ်သက်တမ်း ၃ နှစ်ပြည့်နေ့မှာ မင်္ဂလာပွဲကိုကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ လော်ရင်မှာ ကင်ဆာရောဂါရှိနေပြီး အချိန်မရွေးအသက်ဆုံးရှုံးနိုင်တာကြောင့် ဆရာဝန်တွေက မင်္ဂလာပွဲကို ခပ်မြန်မြန်ကျင်းပဖို့ တိုက်တွန်းခဲ့ကြတာပါ။ ခေါင်းမာတဲ့စုံတွဲကတော့ သူတို့ရဲ့ ချစ်သက်တမ်းနှစ်ပတ်လည်နေ့မှာ မင်္ဂလာပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ကြပါပြီ။



 

အသက် ၂၉ နှစ်အရွယ် လော်ရင်ဟာ ကင်ဆာရောဂါ အဆင့် ၄ ရှိနေသူဖြစ်ပြီး ကင်ဆာဆဲလ်တွေက သူမရဲ့အရိုးတွေ၊ အသည်းနဲ့ အဆုတ်တွေကိုုပျံ့နှံ့နေပါပြီ။ " ကင်ဆာက ကျွန်မတို့ဘဝတွေကို ရေးဆွဲသတ်မှတ်ခွင့်မပြုနိုင်ဘူး။ ကျွန်မတို့ရဲ့သတ်မှတ်ချက်အတိုင်းပဲ မင်္ဂလာပွဲကိုကျင်းပဖို့ ဆုံးဖြတ်ထားခဲ့ကြတယ်" လို့ လော်ရင်က ပြောပါတယ်။ " မိုက်ခ်နဲ့ကျွန်မက စိတ်သဘောထားတစ်ခုတည်းပဲ၊ သူသာကျွန်မကို ထောက်ခံမယ်ဆို အဲ့တာဖြစ်မြောက်လာမှာပါ" လို့လည်း လော်ရင်က ဆိုတယ်။

 

၂၀၁၅ ခုနှစ်၊ ဧပြီလမှာ လော်ရင်ရဲ့ ရင်သားနှစ်ခုလုံးဖြတ်ထုတ်ခဲ့ရတယ်။ ရင်သားတွေမဖြတ်ထုတ်မီ ၃ ပတ်အလိုမှာ သူတို့နှစ်ဦး စတင်ချိန်းတွေ့ခဲ့ကြတာပါ။ လော်ရင်ကတော့ သူတို့နှစ်ဦး မဆုံခင် ၇ လတည်းက ရင်သားကင်ဆာကို ခံစားနေခဲ့ရတယ်။ ဓာတ်ရောင်ခြည်ကုထုံးတွေကိုလည်း ခံယူခဲ့ပြီးနောက် ကင်ဆာရောဂါကို သူမရဲ့ခန္ဓာကိုယ်မှာ မတွေ့ရတော့ဘူးလို့ ဆရာဝန်တွေက ပြောခဲ့တယ်။

အဲ့ဒီတုန်းက မိုက်ကယ်က အရင်အိမ်ထောင်နဲ့ကွာရှင်းပြတ်စဲထားတဲ့ အနေအထားပါ။ လော်ရင်နဲ့ချစ်သူတွေဖြစ်သွားတော့ နှစ်ဦးလုံးပျော်ရွှင်ခဲ့ကြတယ်။ ၂၀၁၇ ခုနှစ် ဇွန်လမှာတော့ မိုက်ခ်က လော်ရင့်ကို Niagara ရေတံခွန်ကြီးရှေ့မှာ လက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။ နှစ်လအကြာမှာတော့ စိတ်ထိခိုက်စရာ သတင်းဆိုးကို ကြားခဲ့ရတယ်။ လော်ရင့်မှာ ကင်ဆာပြန်ဖြစ်နေပြီး ကင်ဆာက ခန္ဓာကိုယ်တစ်ခုလုံးပျံ့နေပြီဆိုတာပါပဲ။

 

ကင်ဆာအဆင့် ၄ ဆိုတာ လော်ရင်အတွက်တော့ မစိမ်းတဲ့အရာလို့လည်း ပြောလို့ရပါတယ်။ သူမရဲ့ မိဘနှစ်ပါးလုံးက ကင်ဆာ အဆင့် ၄ နဲ့ ကွယ်လွန်သွားခဲ့ကြတာပါ။ လော်ရင်ရဲ့ကင်ဆာကလည်း အဆင့် ၄ ကို ရောက်နေပြီမို့လို့ မင်္ဂလာပွဲကို စောနိုင်သမျှစောစောလုပ်ဖို့ ဆရာဝန်တွေက တိုက်တွန်းခဲ့ကြပေမဲ့ သူတို့နှစ်ဦးကတော့ ငြင်းဆန်ခဲ့ပါတယ်။

 

သူတို့နှစ်ဦး စတင်ချိန်းတွေ့တဲ့ မတ်လ ၂၄ ရက်မှာပဲ မင်္ဂလာပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်။ ကံတရားက သူတို့ဘက်မှာ ရှိနေခဲ့ပါတယ်။ လော်ရင်နဲ့မိုက်ကယ်တို့ရဲ့ ချစ်သက်တမ်း ၃ နှစ်ပြည့်တဲ့ မတ်လ ၂၄ ရက်နေ့မှာ မင်္ဂလာပွဲကို ကျင်းပနိုင်ခဲ့ပြီး ပွဲကို လူ ၂၂၅ ဦး တက်ရောက်ပေးခဲ့တယ်။ ရင်သားကင်ဆာအဖွဲ့အစည်းတစ်ခုက လော်ရင်တို့မင်္ဂလာပွဲကို ဦးစီးကျင်းပပေးခဲ့ကြတာပါ။ ခုတော့ မင်္ဂလာမောင်နှံဟာ ဟန်းနီးမွန်းထွက်ဖို့ ပြင်ဆင်နေကြပါပြီ။

Source : ABC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က