အသားအရေရဲ့ အစိုဓာတ်ကို ပြည့်ဝနေဖို့အတွက် မဒီတို့က moisturizer ကို လိမ်းပေးရပါတယ်။ Moisturizer ဆိုတာက အရေပြားရဲ့အစိုဓာတ်ကို ဖြည့်တင်းပေးတဲ့အရာဖြစ်ပြီး အရည်၊ ခရင်မ်၊ ဆီ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ရနိုင်တယ်။ ဘာကိုပဲသုံးသုံး ထိထိရောက်ရောက်ဖြစ်ဖို့တော့ လိုတာပေါ့။ စိုဝင်းပြီး တင်းရင်းနေတဲ့ အသားအရေကလည်း ဆွဲဆောင်မှုတစ်မျိုးပဲလေ။ ဈေးကြီးပေးဝယ်ရတဲ့ Moisturizer က ကိုယ်နဲ့ကျမှ အဆင်မပြေဖြစ်နေရတာက ဒါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၁) တည့်/မတည့် မစမ်းဘဲဝယ်တယ်
Moisturizer အသစ်ကို သုံးတော့မယ်ဆိုရင် အရင်ဆုံး လက်၊ လည်ပင်းတို့မှာ စမ်းလိမ်းကြည့်ပြီး အဆင်ပြေမှ မျက်နှာပေါ် တင်တာ အကောင်းဆုံးပါပဲ။ တကယ်လို့ မစမ်းဘဲ ဝယ်ရမယ်ဆိုရင် အရေပြားကိုယားယံစေတဲ့ ဓာတုပစ္စည်းတွေ မပါတာကို ရွေးနိုင်တယ်။ AHAs, BHAs, retinol, formaldehyde, phthalates, နဲ့ botanical extracts တို့ဟာ ယျေဘုယျအားဖြင့်တော့ sensitive အရေပြားကို ယားယံစေတတ်ပါတယ်။ ကိုယ့်အသားအရေက sensitive ဖြစ်လွယ်ရင် (မတည့်တာများရင်) အနံ့၊ ဖယောင်း (parabens) နဲ့ အမွှေးဆီ မပါတဲ့ moisturizer ကို ရွေးသင့်တယ်။
(၂) ကိုယ့်အရေပြားအတွက်သင့်တော်တာကိုမရွေးဘူး
သူများက ကောင်းတယ်ပြောတိုင်း ကိုယ့်အတွက်ကောင်းတာ မဟုတ်ဘူး။ အချစ်ဆုံးသူငယ်ချင်းနဲ့ ဆင်တူဝယ်လိုက်မိတာတွေက ပြဿနာဖြစ်လာနိုင်တယ်လေ။ သူနဲ့ကိုယ် အသားအရေအမျိုးအစားချင်းမှ မတူတာကိုး။
(၃) အသားအရမ်းခြောက်မှလူးတယ်
မျက်နှာအတွက်ရော ခန္ဓာကိုယ်အတွက်ပါ moisturizer လူးမယ်ဆိုရင် ရေချိုးပြီးစမှာ လူးတာ အထိရောက်ဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အစိုဓာတ်လေးရှိနေချိန် လူးပေးရင် အသားထဲကိုပိုစိမ့်ဝင်တယ်လေ။ အသားအရမ်းခြောက်နေတော့မှလူးရင် မထိရောက်ဘူး။
(၄) နေ့အတွက်သုံးတဲ့ဟာကို ညမှာသုံးတယ်
Day cream/ Night cream ဆိုပြီးတော့လည်း ခွဲခြားပြီး လာတယ်ဆိုရင် မှားပြီးမလူးမိစေနဲ့ဦးနော်။ ဘာလို့လဲဆိုတော့ နေ့အတွက်ထုတ်ထားတဲ့ ပစ္စည်းမှာ နေရောင်ကာပစ္စည်း (SPF) တွေ ပါဝင်နေတတ်ပါတယ်။ နေရောင်မရှိတဲ့ညအချိန်မှာ SPF ပါတာကို သုံးနေမိတာလည်း အလွဲတစ်ခုပါပဲ။
(၅) ခပ်ကြမ်းကြမ်းပွတ်လူးတယ်
Moisturizer တွေကို လိမ်းတဲ့အခါ အရေပြားပေါ်ကို အသာယာပဲလိမ်းပေးရပါတယ်။ အရေပြားကိုနှိပ်နယ်တာက သွေးလည်ပတ်မှုကို ကောင်းစေပေမဲ့ moisturizer ကိုတော့ ခပ်ဖွဖွလေးပဲ လူးပေးရတာပါ။ ပြီးရင် မျက်နှာကို လက်ချောင်းလေးတွေနဲ့ သာသာလေး ပုတ်ပေးရင် အရေပြားထဲကို ပိုစိမ့်ဝင်ပါတယ်။
Source : SELF