တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဘော့စတွန်မာရသွန် အမျိုးသမီးပြိုင်ပွဲမှာ အမေရိကန်သူ Desiree Linden က အနိုင်ရခဲ့ပြီးနောက် ၃၃ နှစ်အတွင်း ပထမဆုံးဆုရတဲ့ အမေရိကန်နိုင်ငံသူဖြစ်လာခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် Desiree Linden ဟာ အိုလံပစ်အားကစားပွဲမှာလည်း နှစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ခုတော့ နာမည်ကျော်မာရသွန်ပြိုင်ပွဲမှာ ထိပ်ဆုံးက ပန်းဝင်ပြီး နိုင်ငံဂုဏ်ဆောင်အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။
Liden တို့ အပြေးပြိုင်နေခဲ့စဉ်က ရာသီဥတုဟာလည်း အတော်လေးဆိုးရွားခဲ့ပါတယ်။ အပူချိန်က ၃၇ ဒီဂရီဝန်းကျင် ရှိနေခဲ့ပြီး မိုးတွေလည်း ရွာနေခဲ့တယ်။ Liden ကတော့ စုစုပေါင်းကြာချိန် ၂ နာရီ ၃၉ မိနစ် ၅၄ စက္ကန့်နဲ့ ဘော့စတွန်မာရသွန်မှာ ထိပ်ဆုံးက ပန်းဝင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Liden မတိုင်မီက ဘော့စတွန်မာရသွန်မှာ ပထမဆုံးအနိုင်ရခဲ့တဲ့ အမေရိကန်သူက Lisa Rainsberger ဖြစ်ပြီး ၁၉၈၅ ခုနှစ်မှာ ဆုရခဲ့တာပါ။
မာရသွန်ပြေးသူတွေအတွက် ခက်ခဲတဲ့ ရာသီဥတု အခြေအနေမှာ Liden က နေသိပ်မကောင်းခဲ့ပါဘူး။ ပြေးလမ်းကနေ ထွက်ခွာလိုက်ဖို့တောင် စဉ်းစားနေခဲ့ပါတယ်။ လက်လျှော့လိုက်ပြီး အခြားအမေရိကန်သူ ပြိုင်ပွဲဝင်တွေကို ကူညီဖို့စဉ်းစားခဲ့ပါသေးတယ်။ ပြေးဖက်ဖြစ်တဲ့ အမေရိကန်သူကို တံတောင်နဲ့တွတ်ပြီး " ဟေး.... ကျွန်မ ထွက်ရလောက်တော့မယ်၊ လေကာ ဒါမှမဟုတ် ဘာဖြစ်ဖြစ် ရှင်တစ်ခုခုလိုရင် ကျွန်မကိုပြောနော်" လို့တောင် သူက ပြောခဲ့ပါတယ်။
ဒါပေမဲ့ Liden ဟာ မလျော့တဲ့ဇွဲနဲ့ပဲ ဆက်ပြေးခဲ့ပြီးနောက် ဦးဆုံးပန်းဝင်သူဖြစ်ကာ အနိုင်ရခဲ့ပါတယ်။ ဘော့စတွန်မာရသွန်မှာ ဒီအကြိမ်နဲ့ဆိုရင် ၆ ကြိမ်မြောက် ရှိပါပြီ။ ဒီတစ်ခေါက်မှာတော့ ထိပ်ဆုံးက ပန်းဝင်နိုင်ခဲ့တာပါ။ ပြေးနေတုန်းတစ်လျှောက်မှာ ဘယ်တော့မှနောက်ပြန်မကြည့်ခဲ့ဘူးလို့ ပြောတယ်။ ဘော့စတွန်မာရသွန်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး Hopkinton ကနေ စထွက်ကာ Jhon Hancock Tower မှာ အဆုံးသတ်ပါတယ်။
Source : Runners World, CNN