သင်္ကြန်ကာလ ကုန်ဆုံးပြီဆိုတော့ မြန်မာနှစ်သစ်ကို ရောက်လာပြီနော်။ နှစ်သစ်မှာ ကောင်းမှုကုသိုလ်တွေလုပ်ရင်းနဲ့ ပိုကောင်းတဲ့နှစ်တစ်နှစ် ဖြစ်လာဖို့ကိုလည်း မျှော်လင့်ကြတယ်မဟုတ်လား။ ပိုကောင်းတဲ့နှစ်တစ်နှစ် ဖြစ်လာဖို့အတွက်တော့ ကိုယ့်ကိုယ်ကိုယ်ပိုပြီးဂရုစိုက်ဖို့ လိုတာပေါ့။ ကိုယ့်စိတ်နေစိတ်ထားအတွက် ပန်းတိုင်သစ်လေးတွေ ချမှတ်ရအောင်ပါ ညီမလေးတို့ရေ။
(၁) မှားနေတယ်လို့ခံစားရရင် မလုပ်နဲ့တော့
မဒီလေးတို့မှာ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ အသိဉာဏ်က ရှိပြီးသားပါ။ ကိုယ်လုပ်နေတဲ့ အရာတွေထဲမှာ မကောင်းမှန်းသိသိနဲ့ လုပ်နေတာမျိုး ရှိပါလိမ့်မယ်။ အဲ့လိုခံစားရပြီဆိုတာနဲ့ ချက်ခြင်းရပ်ပစ်ပါစို့။ ဥပမာပြောရရင်တော့ နှိုးစက်ပိတ်ပြီး ပြန်အိပ်တဲ့အကျင့်မျိုးလေ။
(၂) လူတွေသဘောကျဖို့မကြိုးစားနဲ့
ကိုယ့်မှာ ကိုယ်ပိုင်အမြင်၊ ခံယူချက်၊ ရပ်တည်ချက် ရှိတယ်မဟုတ်လား။ ကိုယ့်ခံယူချက်ကို သွေဖယ်ပြီး သူများတွေ သဘောကျအောင် မကြိုးစားပါနဲ့တော့။ လူ့အကြိုက် ဆယ်ခါလိုက်ပေမဲ့လည်း တစ်ခါလောက် မလိုက်လျောလိုက်တာနဲ့ ကိုယ့်ကို အပြစ်တင်ကြတော့မှာပါပဲ။ သူများသဘောကျဖို့ထက် ကိုယ်တိုင်သဘောကျဖို့ကသာ ဦးစားပေးရမယ့်အရာဖြစ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ် မကောင်းမပြောနဲ့
သူများတွေ ဘယ်လောက်ပြောပြော ကိုယ့်အကြောင်းကို မကောင်းမပြောကြေးလေ။ ကိုယ့်ရဲ့ အားနည်းချက်တွေကို သူများတွေကို ထုတ်ပြစရာလည်း မလိုပါဘူး။ ကိုယ်တိုင်ပြင်ဆင်ရမှာပါ။ ကိုယ့်ကိုယ်ကိုယ် မကောင်းပြောနေ၊ မြင်နေရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ကျဆင်းလာတယ်။
(၄) ငြင်းဆန်ဖို့ မကြောက်ပါနဲ့
ငြင်းဆန်တယ်ဆိုတာ သတ္တိရှိသူတွေမှ လုပ်ရဲတဲ့အရာပါ။ ကိုယ်မလုပ်ချင်တာ၊ မလိုချင်တာကို ပြတ်ပြတ်သားသားငြင်းဆန်ပါ။ အားနာပြီး၊ ကြောက်လန့်ပြီး လိုက်လျောမိတဲ့အရာတွေက ကိုယ့်တန်ဖိုးကိုကျစေတယ်။
(၅) ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ
ကိုယ့်ကိုယ်ကိုယ်မှ မချစ်ရင် ဘယ်သူမှလာမချစ်ဘူးဆိုတာ မဒီလေးတို့ကို သိစေချင်လိုက်တာ။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ချစ်ပါ၊ ကြင်နာပါ။ အဲ့တာက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရာ ရောက်ပါတယ်။ စိတ်ကိုအလိုလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတာနဲ့ကလည်း မတူပြန်ဘူး။ ကိုယ့်ဘဝကိုယ်ရော ကိုယ့်ကိုယ်ကိုယ်အတွက်ရော ပိုကောင်းလာစေမယ့်အရာတွေကို လုပ်တာက ကိုယ့်ကိုယ်ကိုယ်ကြင်နာခြင်းပါပဲ။