သမရိုးကျမှ ထိုးဖောက်အောင်မြင်ခဲ့တဲ့ အမျိုးသမီးတွေကို မြန်မာ့အသိဉာဏ်ပစ္စည်းစောင့်ရှောက်ရေးအဖွဲ့က Women in Innovation and Creativity Award ဆု ရွေးချယ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်အတွက် ဒီဆုကို အမျိုးသမီးနှစ်ဦးအား ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပြီး Tree Food ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်တာချိုလဲ့အောင်က ရရှိသွားပါတယ်။ နောက်ထပ် အမျိုးသမီးတစ်ဦးကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီကို ရွေးချယ်ခဲ့တာပါ။
ဧပြီ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် "စွမ်းဆောင်ရည်အရွှေ့အပြောင်း တီထွင်ဆန်းသစ်မိန်းမသားခေတ်" အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆုပေးပွဲမှာ ဒေါက်တာချိုလဲ့အောင်ကို ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာချိုလဲ့အောင်ဟာ Tree Food အမည်ရှိ မြန်မာ့ရိုးရာ ထန်းလျက်ကို ထုပ်ပိုးမှုပုံစံအသစ်၊ အရသာပေါင်းစပ်မှုတွေနဲ့ စတင်ခဲ့တဲ့ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။
ဖန်တီးတီထွင်နိုင်စွမ်းအား အသိအမှတ်ပြုသည့်အနေဖြင့် သမရိုးကျ လမ်းရိုးမှ ထိုးဖောက်အောင်မြင်ခဲ့ကြတဲ့ အမျိုးသမီးတွေကို ရွေးချယ်ပြီး ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဆုပေးအပ်ခံရတဲ့အပေါ် " အပြောင်းအလဲတစ်ခုကို ဖြစ်စေတဲ့ အမျိုးသမီးတွေကို ဒီဆုကိုပေးတာပေါ့နော်၊ အပြောင်းအလဲ ဖြစ်စေရုံနဲ့မပြီးဘူးပေါ့၊ ရှေ့ဆက်လျှောက်ဖို့ transition တစ်ခုဖြစ်အောင် empower လုပ်ပေးတဲ့အတွက် ဒီဆုကိုပေးအပ်ခံရတယ်လို့ ထင်ပါတယ်" လို့ မချိုလဲ့အောင်က ဖြေကြားပါတယ်။
သူမရဲ့ ထုတ်ကုန်ဖြစ်တဲ့ Tree Food နဲ့ ပတ်သက်ပြီးတော့လည်း ဖြတ်သန်းခဲ့ရပုံတွေကိုလည်း ဒေါက်တာချိုလဲ့အောင်က Duwun Media ကို ပြောပြခဲ့ပါသေးတယ်။ သူမအနေနဲ့ လုပ်ငန်းမစတင်မီ တစ်နှစ်ကို လုပ်ငန်းသဘောတရားနဲ့ ဈေးကွက်ရှာဖွေရေးပိုင်းတွေမှာ အချိန်ယူလေ့လာခဲ့ပြီးမှ လုပ်ငန်းကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုရင်တော့ သူမရဲ့ Tree Food ထုတ်ကုန်တွေဟာ ဈေးကွက်ကို ဝင်ရောက်လာတာ ၂ နှစ် ရှိပါပြီ။