အမျိုးသမီးတွေ ရာသီမလာမီခံစားရမှုတွေဟာ အရက်သောက်သုံးခြင်းနဲ့ ဆက်နွှယ်နေမှုနဲ့ပတ်သက်တဲ့ ရလဒ်ကို သုတေသီတွေက ထုတ်ပြန်လိုက်ပါပြီ။ အမျိုးသမီးအချို့ဟာ လစဉ် ဓမ္မတာလာတဲ့ရက် မတိုင်မီမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားရမှုတွေ ရှိနေကြပါတယ်။ စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်တိုခြင်း၊ ဝမ်းနည်းခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်း၊ နာကျင်ကိုက်ခဲခြင်း စတဲ့ ဓမ္မတာမလာမီခံစားရမှု (PMS) တွေကို ခံစားရလေ့ရှိပါတယ်။ အဲ့ဒီလိုခံစားရမှုတွေဟာ အရက်သောက်ခြင်းနဲ့ ဆက်စပ်မှုရှိမရှိကို သုတေသီတွေက လေ့လာခဲ့ကြတာဖြစ်ပါတယ်။
နိုင်ငံ ၈ နိုင်ငံက လေ့လာမှု ၁၉ ခုအတွင်း အသေးစိပ် လေ့လာခဲ့ကြတဲ့ လေ့လာမှုအချက်အလက်တွေအရ အရက်သောက်ခြင်းနဲ့ ဓမ္မတာမလာမီခံစားရမှုတွေဟာ အပြန်အလှန် ဆက်နွှယ်နေတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီခံစားရမှုတွေမှာဆိုရင် မအီမသာဖြစ်ခြင်း၊ ရင်သားတောင့်တင်းခြင်း၊ နုံးချိခြင်း၊ စိတ်ခံစားချက်မကောင်းခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့တွေ ပါဝင်ပါတယ်။ သို့ပေမဲ့လည်း အဲ့ဒီဆက်နွှယ်မှုက အရက်များများသောက်မှ ဖြစ်တယ်လို့ သုတေသီတွေကဆိုတယ်။
အမျိုးသမီးတွေဟာ ဓမ္မတာမလာမီခံစားရမှုတွေကို လျော့ပါးဖို့အတွက် အရက်သောက်သုံးကြတာကိုတော့ မတားမြစ်နိုင်ပါဘူးလို့ အချက်အလက်တွေက ပြဆိုထားကြောင်း လေ့လာမှုကိုတွဲဖက်ရေးသားခဲ့တဲ့ Bahi Takkouche က ပြောပါတယ်။ သူဟာ စပိန်နိုင်ငံရှိ Santiago de Compostela တက္ကသိုလ်က ဖြစ်ပါတယ်။
အရက်မဟုတ်တဲ့ အယ်လ်ကိုဟောပါတဲ့ အရာတွေက အချို့သော ဝေဒနာတွေကို လျော့ပါးစေနိုင်တဲ့အတွက် အမျိုးသမီးအချို့က သောက်ကြပါတယ်။ ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေကြား အယ်လ်ကိုဟောသောက်သုံးမှု ကျယ်ပြန့်လာခြင်းဟာလည်း မပြောပလောက်တဲ့အရာမဟုတ်ဘူးလို့ သုတေသီအဖွဲ့က အွန်လိုင်းဂျာနယ် BMJ Open မှာ ဖော်ပြခဲ့ပါတယ်။ ကမ္ဘာမှာ အယ်လ်ကိုဟောသောက်သုံးသူအမျိုးသမီး ၂၉ % ရှိပြီး ၆ % ခန့်ကတော့ အရက်များများသောက်သူတွေဖြစ်တယ်လို့ Straitstimes သတင်းမှာ ဖော်ပြထားပါတယ်။
လေ့လာမှုကိုတော့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပိုလန်၊ ဆွစ်ဇာလန်၊ တူရကီ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ သြစတြေးလျတို့က အမျိုးသမီးတွေရဲ့ အချက်အလက်တွေကို ရယူပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်က အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု (NHS) ရဲ့အဆိုအရ အမျိုးသမီး ၂၀ ဦးလျှင် ၁ ဦးနှုန်းဟာ ဓမ္မတာမလာမီဝေဒနာခံစားရမှုကြောင့် သူတို့ရဲ့ဘဝ သို့မဟုတ် အလုပ်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ သိရပါတယ်။ ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေရဲ့ ဓမ္မတာမလာမီဝေဒနာခံစားရမှု ၁၀ ခုမှာ ၁ ခုက အရက်သောက်သုံးခြင်းနဲ့ ဆက်စပ်နေတယ်လို့ သုတေသီအဖွဲ့က ခန့်မှန်းထားပါတယ်။
Source : Straits Times