" လူတစ်ယောက်ဟာ တစ်ခုခုကို ပိုင်ဆိုင်ပြီဆိုရင် ကာကွယ်ဖို့ ကြိုးစားရပါတယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှုမှာ ငွေကြေးတင်မကဘဲ ဉာဏပစ္စည်းတွေဆိုတာလည်း ခိုးယူလို့ရနိုင်တဲ့အတွက် ကာကွယ်စောင့်ရှောက်ဖို့ မူပိုင်ခွင့်လိုပါတယ်" လို့ Tree Food မြန်မာ့ရိုးရာထန်းလျက်လုပ်ငန်းတည်ထောင်သူ ဒေါ်ချိုလဲ့အောင်က ပြောကြားလိုက်ပါတယ်။ ဧပြီ ၂၆ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အခမ်းအနားမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။
Tree Food မြန်မာ့ရိုးရာထန်းလျက်လုပ်ငန်းကိုတည်ထောင်သူ မချိုလဲ့အောင်က စွန့်ဦးတီထွင်လုပ်ငန်းအပေါ် သူမရဲ့အတွေ့အကြုံနဲ့ လုပ်ဆောင်မှုတွေကို မျှဝေပေးခဲ့ပါတယ်။ ဆရာဝန်ဘွဲ့ရပေမဲ့လည်း Made in Myanmar ကုန်ပစ္စည်းတွေကို ထုတ်လုပ်ချင်တဲ့အတွက် ခုလိုစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းကို ရွေးချယ်ခဲ့သူဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာခင်မာရီကလည်း အမျိုးသမီးတွေရဲ့ အခွင့်အရေးအကြောင်းနဲ့ တီထွင်ဖန်တီးမှုပြုလုပ်ခဲ့တဲ့ အမျိုးသမီးတွေအကြောင်းကို ဟောပြောသွားခဲ့ပါတယ်။ Myanmar Cosmetic Association ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာသီရိသိန်းကျော်က The Outcomes of Innovation ခေါင်းစဉ်နဲ့လည်း ဈေးကွက်ထိုးဖောက်ခဲ့ပုံတွေကို ပြောပြသွားခဲ့ပါတယ်။ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့လည်း ဥပဒေရေးဆွဲနေပြီဖြစ်တယ်လို့လည်း သက်ဆိုင်ရာပညာရှင်များက ဖြေကြားခဲ့ပါတယ်။
"ပြောင်းလဲအင်အား - ဆန်းသစ်၊ ဖန်တီး၊ အမျိုးသမီးစွမ်းပကား" အမည်နဲ့ Panel Discussion ကိုတော့ IPPAM ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်ဦး၊ ဒါရိုက်တာ ခရစ္စတီးနားခီ၊ ဒါရိုက်တာ ဒေါ်သူသူရှိန်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး IPPAM ဒုဥက္ကဌ (သရုပ်ဆောင်/ဒါရိုက်တာ) ဒေါ်ဆွေဇင်ထိုက်ကတော့ moderator က ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဉာဏပစ္စည်းမူပိုင်ခွင့်ရဲ့ အရေးပါပုံတွေကို ဆွေးနွေးဖြေကြားခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲမှာတော့ ဒါရိုက်တာ ခရစ္စတီးနားခီက သူမအနေနဲ့ မူပိုင်ခွင့်ကို အလေးထားတဲ့အတွက် ခက်ခဲခဲ့ရပုံတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဘယ်အလုပ်ကိုမဆို စာချုပ်တွေနဲ့ မူပိုင်ခွင့်အတိအကျလုပ်ခဲ့တယ်လို့လည်း သူမက ဆိုပါတယ်။ မုဒြာခေါ်သံဇာတ်ကားအတွက် နောက်ခံအသံတွေကို မြန်မာ့ဆိုင်းဝိုင်းပညာရှင်တွေကို မူပိုင်ခွင့်နဲ့ကတိပေးပြီး အလေးထားကျင့်သုံးခဲ့တာကိုလည်း ပြောပြသွားခဲ့ပါတယ်။
ဧပြီ ၂၆ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ (World Intellectual Property Day) ကို ရန်ကုန်မြို့က UMFCCI ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ယခုနှစ် ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ကိုတော့ အမျိုးသမီးတွေကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာတစ်ဝန်းမှာ ကျင်းပကြပါတယ်။ အပြောင်းအလဲကို လုပ်ဆောင်ခဲ့ရုံသာမက အများနဲ့သက်ဆိုင်တဲ့အနာဂတ်ကို ပုံဖော်ခဲ့ကြတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြောင်းလဲအင်အား - ဆန်းသစ် ဖန်တီး အမျိုးသမီးစွမ်းပကားဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ယခုနှစ် ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့အထိမ်းအမှတ်အဖြစ် မြန်မာ့အသိဉာဏ်ပစ္စည်းစောင့်ရှောက်ရေးအဖွဲ့က Women in Innovation and Creativity Award ဆု နှစ်ဆု ရွေးချယ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ Tree Food ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာချိုလဲ့အောင်နဲ့ ဥပါယ်တံမျဉ်၊ မုဒြာရဲ့ခေါ်သံဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကိုလည်း ဧပြီ ၂၁ ရက်မှာ ဆုချီးမြှင့်ခဲ့ပါတယ်။ ဧပြီ ၂၆ ရက်နေ့ အခမ်းအနားမှာတော့ ဆုရ အမျိုးသမီးနှစ်ဦးအပါအဝင် ပညာရှင်များက အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အကြောင်းအရာတွေကို တင်ပြသွားခဲ့ကြပါတယ်။