ကွဲကွာမိသားစုတွေ ပြန်ဆုံတွေ့မှုဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံက စစ်ပွဲကြောင့် ကွဲကွာနေခဲ့ကြတဲ့ မိသားစုများ ပြန်တွေ့ဆုံမှုတွေကို လာမယ့် သြဂုတ်လအတွင်း ပြန်လည်စတင်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်များ အစည်းအဝေး



ကိုရီးယားနှစ်နိုင်ငံကြား ယနေ့ (ဇွန်လ ၂၂ ရက်) သဘောတူညီမှုအရ ကွဲကွာမိသားစုတွေ ပြန်ဆုံတွေ့မှုဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာမှာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်မှာ သံတမန်ဆက်ဆံရေး ပြန်လည် အဆင်ပြေလာစေမယ့် နောက်ဆုံး ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။

စစ်ပွဲကြောင့် ကွဲကွာနေခဲ့ကြတဲ့ မိသားစုများ ပြန်လည်တွေ့ဆုံမှုတွေကို လာမယ့် သြဂုတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ မြောက်ကိုရီးယားနိုင်ငံဘက်ရှိ Kumgang တောင်ပေါ် အပန်းဖြေစခန်းမှာ ပြုလုပ်သွားမယ်လို့ ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်အပြီး ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယခင် စီစဉ်ပေးခဲ့သည့် ကွဲကွာမိသားစုများ ပြန်ဆုံတွေ့အပြီး နေရပ်ပြန်ကြစဉ် မြင်ကွင်း



တောင်နဲ့မြောက် တစ်နိုင်ငံစီမှ မိသားစု ၁၀၀ စီကို ရွေးချယ်ပြီး ပြန်လည်တွေ့ဆုံစေမယ်လို့ တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ပြောပါတယ်။ ကွဲကွာမိသားစုများ ပြန်ဆုံတွေ့ကြမယ့် မြောက်ကိုရီးယားဘက်ရှိ Kumgang တောင်ပေါ် အပန်းဖြေစခန်းကို တောင်ကိုရီးယားတာဝန်ရှိသူတွေက လာမယ့် သီတင်းပတ်မှစပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း ပြန်ဆုံတွေ့ခဲ့ကြသည့် ကွဲကွာမိသားစုများ



နှစ်နိုင်ငံမှ ပြန်လည်တွေ့ဆုံကြမယ့် မိသားစုများ အပြီးသတ်စာရင်းကို သြဂုတ်လ ၄ ရက်မှာ လဲလှယ်ကြမယ်လို့ သိရပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးကို Kumgang တောင်ပေါ် အပန်းဖြေစခန်းရှိ ဟိုတယ်တစ်ခုမှာ ယနေ့ ပြုလုပ်ခဲ့ပါတယ်။

တောင်နဲ့မြောက် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှစ်ဦး



ထိုအစည်းအဝေးကို တောင်ကိုရီးယားဘက်မှ ကြက်ခြေနီအဖွဲ့အကြီးအကဲ Park Kyung-seo ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ကိုရီးယားဘက်မှ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Pak Yong Il ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်းတို့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှု



၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကြောင့် ကိုရီးယားကျွန်းဆွယ်ကို နှစ်ပိုင်းခွဲခြားသတ်မှတ်ခဲ့ပြီး သန်းနဲ့ချီတဲ့ ကိုရီးယားလူမျိုးတွေ ကွဲကာခဲ့ကြရပါတယ်။

လာမယ့် သြဂုတ်လမှာ ပြုလုပ်သွားမယ့် ကွဲကွာမိသားစုများ ပြန်ဆုံတွေ့မှု အစီအစဉ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုုံအန်တို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ သဘောတူညီချက်များအနက် တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

ယခင် စီစဉ်ပေးခဲ့သည့် ကွဲကွာမိသားစုများ ပြန်လည်ဆုံတွေ့မှု မြင်ကွင်းတစ်ခု



ကိုရီးယားစစ်ပွဲကြောင့် ကွဲကွဲခဲ့ကြတဲ့ မိသားစုဝင် အများအပြားဟာ ယခုအခါ အသက် ၈၀ ဝန်းကျင်အရွယ်တွေ ဖြစ်နေကြရာ ၎င်းတို့ကို လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည်ဆုံတွေ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တောင်ကိုရီးယားအာဏာပိုင်တွေက တိုက်တွန်းထားခဲ့ပါတယ်။

ယခင် စီစဉ်ပေးခဲ့တဲ့ ကွဲကွာမိသားစုများ ပြန်ဆုံတွေ့မှုတွေကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့မှုအချို့မှာ မိသားစုဝင်တွေဟာ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင် ပြန်ဆုံတွေ့ကြရာ မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရတာ တွေ့ခဲ့ရပါတယ်။

Share

Loading Next Article...
က္က