လက်ရှိသမ္မတအာဒိုဂန် ပြန်လည်ရွေးကောက်ခံရခြင်းက ၎င်းကို အာဏာချုပ်ကိုင်မှုများ ပိုမိုရရှိလာစေမှာ ဖြစ်ပါတယ်။

တူရကီနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အာဒိုဂန်က အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ ဇွန်လ ၂၄ ရက် သမ္မတရွေးကောက်ပွဲရလဒ်ကို အာဒိုဂန်ရဲ့ အဓိကပြိုင်ဘက်ကလည်း လက်ခံလိုက်ပြီလို့ ဆိုပါတယ်။

တူရကီသမ္မတအာဒိုဂန်နှင့် ဇနီး



တူရကီရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေဟာ မမျှတခဲ့ကြောင်း ပြောဆိုမှုတွေရှိခဲ့ပြီး ဥရောပသမဂ္ဂရဲ့ အာရုံစိုက်ခံခဲ့ရပါတယ်။ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတအာဒိုဂန်က ပြတ်သားတဲ့ မဲရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယအကျော့ ယှဉ်ပြိုင်ရန်မလိုအပ်ကြောင်း ကြေညာခဲ့ပါတယ်။

လူထုကို မိန့်ခွန်းပြောနေသည့် အာဒိုဂန်



ရွေးကောက်ပွဲ မဲများအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ အာဒိုဂန်က မဲအရေအတွက် ၅၃ ရာခိုင်နှုန်းရရှိပြီး ၎င်းရဲ့ အဓိကပြိုင်ဘက် မူဟာရမ်အင့်စ်က ၃၁ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အာဒိုဂန်ရဲ့ အာဏာရပါတီ Justice and Development Party (AKP) ဦးဆောင်တဲ့ မဟာမိတ်တွေကလည်း လွှတ်တော်မှာ အမတ်နေရာအများစုအတွက် အနိုင်ရရှိကြောင်း သိရပါတယ်။

အာဒိုဂန်ရဲ့ အဓိကပြိုင်ဘက် မူဟာရမ်အင့်စ် မဲပေးနေစဉ်



လက်ရှိသမ္မတအာဒိုဂန် ပြန်လည်ရွေးကောက်ခံရခြင်းက ၎င်းကို အာဏာချုပ်ကိုင်မှုများ ပိုမိုရရှိလာစေမှာလည်း ဖြစ်ပါတယ်။ သမ္မတအာဒိုဂန် အဆိုပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွေကို ယမန်နှစ်အတွင်း အငြင်းပွားဖွယ် လူထုဆန္ဒခံယူပွဲဖြင့် ထောက်ခံအတည်ပြုနိုင်ခဲ့ပါတယ်။

အဆိုပါ ပြင်ဆင်ချက်များအရ ဝန်ကြီးချုပ်ရာထူးကို ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။ အာဒိုဂန်ရဲ့ ပြိုင်ဘက်ဖြစ်သူ မူဟာရမ်က ရွေးကောက်ပွဲရလဒ်ကို လက်ခံခဲ့ပေမဲ့ မျှတတဲ့ ရွေးကောက်ပွဲမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကို သောကြာနေ့ (ဇွန်လ ၂၉ ရက်) မှာ တရားဝင် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

သမ္မတအာဒိုဂန်ကို ထောက်ခံသူများ အောင်ပွဲခံကြစဉ်



သမ္မတအာဒိုဂန်ဟာ စီးပွားရေးကောင်းမွန်အောင်ဆောင်ခဲ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတို့ဖြင့် လူထုထောက်ခံမှုများစွာ ရခဲ့တယ်လို့ဆိုပါတယ်။

သို့သော် အသက် ၆၄ နှစ်အရွယ် သမ္မတအာဒိုဂန်က ၎င်းအား ဆန့်ကျင်သူတွေကို နှိပ်ကွပ်ဖြိုခွင်းပြီး လူပေါင်း ၁၆၀,၀၀၀ ခန့်ကို ထောင်သွင်းအကျဉ်းချမှုအပေါ် ကန့်ကွက်ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း သေချာခဲ့ပြီးနောက် အာဒိုဂန်က အန်ကာရာမြို့ရှိ ၎င်းရဲ့ပါတီဌာနချုပ်မှာ လူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အာဒိုဂန်က "ဒီရွေးကောက်ပွဲရဲ့ အနိုင်ရသူက ကျွန်တော့်ရဲ့ ၈၁ သန်းသော နိုင်ငံသား တစ်ဦးချင်း တစ်ယောက်ချင်းစီပါပဲ" လို့ ပြောခဲ့ပါတယ်။

ပါတီဌာနချုပ်မှာ အောင်ပွဲခံမိန့်ခွန်း ပြောကြားခဲ့သည့် အာဒိုဂန်



တူရကီသမ္မတအဖြစ် အာဒိုဂန် ပြန်လည်ရွေးကောက်ခံရမှုကို အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ အပါအဝင် အစ္စလာမ်မစ်နိုင်ငံ ခေါင်းဆောင်းများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း အာဒိုဂန် အနိုင်ရမှုကို ဂုဏ်ပြုခဲ့တယ်လို့ ဆိုပါတယ်။

တူရကီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှ သမ္မတရဲ့လုပ်ပိုင်ခွင့်အချို့

- သမ္မတဟာ ၅ နှစ်သက်တမ်းကို ၂ ကြိမ် ထမ်းဆောင်ခွင့်ရပါမယ်။

- သမ္မတက ဝန်ကြီးများ အပါအဝင် အစိုးရအဖွဲ့ အရာရှိတွေကို တိုက်ရိုက် ခန့်အပ်ခွင့်ရှိပါတယ်။

- သမ္မတက ဒုတိယသမ္မတ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုပြီး ခန့်အပ်ခွင့်ရှိပါတယ်။

- တူရကီအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် ရာထူးခန့်အပ်ခြင်းကို ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်။

- သမ္မတက တရားစီရင်ရေးကို ကြားဝင်စွက်ဖက်ခွင့် ရှိပါတယ်။

- နိုင်ငံမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်မှုကို သမ္မတက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က