ပူပူနွေးနွေးအကယ်ဒမီဆုရှင်လည်းဖြစ်၊ ပရိသတ်တွေရဲ့အချစ်တော်သရုပ်ဆောင်လည်းဖြစ်တဲ့ မြင့်မြတ်နဲ့ ရွှေမှုန်ရတီ၊ နန်းဆုဦး တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဇွန်လ၊ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံတဝမ်းရုံတင်ပြသတော့မယ့် ငဒူရုပ်ရှင် ဇာတ်ကားကြီးဟာ ရုံမတင်ခင်မှာပဲ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုတစ်ခဲနက်ရရှိနေပါတယ်။
ငဒူရုပ်ရှင်ဇာတ်ကားကြီးရဲ့ တရားဝင် Facebook Page မှာတင်ထားတဲ့ နမူနာကြော်ငြာဗွီဒီယိုတစ်ခုတည်းကိုတင် လက်ရှိအချိန်မှာ ကြည့်ရှု့တဲ့အကြိမ်ရ ၃ သန်းကျော်အထိရှိနေတာပါ။
ဒါ့အပြင် ငဒူ Facebook Page မှာပဲတင်ထားတဲ့ ငဒူရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းဗွီဒီယိုကို ကြည့်ရှုတဲ့အကြိမ် အရေအတွက်ကလည်း ၁ သန်းကျော်အထိရှိနေပါတယ်။
ဒါဟာ ငဒူ Facebook Page မှာတင်ထားတဲ့ဗွီဒီယိုတွေကိုကြည့်ရှုတဲ့အကြိမ်အရေအတွက်ပဲရှိသေးပြီး တစ်ဆင့့်ပြန်လည် ဖော်ပြထားတဲ့ မီဒီယာစာမျက်နှာတွေမှာကြည့်ရှု့တဲ့အကြိမ်အရေအတွက်မပါသေးပါဘူး။
မီဒီယာတွေကလည်း ငဒူရုပ်ရှင်အကြောင်းကို အာရုံစိုက်ဖော်ပြနေတာကြောင့် ငဒူရုပ်ရှင်ဇာတ်ကားအပေါ် ပရိသတ်တွေ ရော၊ စာနယ်ဇင်းတွေရဲ့ စိတ်ဝင်စားမှုပါမြင့်တက်နေတယ်လို့ဆိုရမှာပါ။
ပူပူနွေးနွေးအကယ်ဒမီဆုရင် မြင့်မြတ်က အဓိကဇာတ်ကောင် ငဒူအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ငဒူရုပ်ရှင်ဟာ ထွက်ပေါ်လာတဲ့နမူနာဗွီဒီယိုတွေအရ ရိုက်ကူးတင်ဆက်ပုံလှပဆန်းသစ်ပြီး ဇာတ်လမ်း၊ဇာတ်အိမ်ကလည်း စိတ်ဝင်စားဖွယ်ဖြစ်နေတာကြောင့် အဲဒီလိုအာရုံစိုက်ခံနေရတာပါ။
ဦးနှောက်ကြီးပြီး နှလုံးသားမကြီးတာနဲ့ ဦးနှောက်မကြီးဘဲနှလုံးသားကြီးလွန်းတဲ့ အစွန်းတရားနှစ်ဖက်ရဲ့ ကောင်းကျိုး၊ဆိုးပြစ်တွေကို ပေါ်လွင်အောင် ဟာသလေးတွေနှောပြီး လှလှပပတင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ဇာတ်လမ်းလည်းဖြစ်ပါတယ်။
မိဘမဲ့ကလေးတွေအပေါ် စေတနာအရမ်းရှိပေမယ့် ဉာဏ်နည်းပါးတာကြောင့် အလွဲတွေလုပ်တတ်မိတဲ့ ငဒူရဲ့အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကနေရရှိလာတဲ့ အကျိုးအမြတ်ထဲက ငွေကျပ် သိန်း ၁၀၀ အထိကိုမိဘမဲ့ကလေးတွေ အတွက် လှူဒါန်းသွားဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
Share