ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြိုရှိ ကျောက်ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးနည်းပြတို့ကို ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဂူထဲမှာ ၉ ရက်ကြာ ပျောက်နေခဲ့သည့် ထိုင်းလူငယ်အုပ်စု
"ထိုင်းရေတပ် အထူးတပ်ဖွဲ့က သူတို့ ၁၃ ယောက်လုံးကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ပါတယ်၊ ကျွန်တော်တို့ သူတို့ သွားလာလှုပ်ရှားနိုင်ချိန်အထိ ဂူထဲမှာ ပြုစုစောင့်ရှောက်သွားမှာပါ" လို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆက်ခ် အိုစတာနာခွန်းက သတင်းထုတ်ပြန်စဉ် ပြောခဲ့ပါတယ်။
ဂူထဲမှာ ပြန်ရှာတွေ့ခဲ့သည့် ထိုင်းလူငယ်အုပ်စု
လူငယ်များအားလုံး အသက်အန္တရာယ်မရှိကြောင်း နာရွန်ဆက်ခ်က အတည်ပြုခဲ့ပြီး ဂူအပြင်ကို ဘေးကင်းစွာဖြင့် ခေါ်ထုတ်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လူငယ်အုပ်စုကို Tham Luang Nang Non ဂူအတွင်း ပတ္တရားကမ်းခြေ (Pattaya Beach) ခေါ် ရေလွတ်ကင်းတဲ့နေရာမှာ ရှိနေမယ်လို့ ခန့်မှန်းယူဆထားခဲ့ကြပါတယ်။
ဂူအတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေမှု
သို့သော် ယခု ၎င်းတို့အုပ်စုကို ပြန်ရှာတွေ့တဲ့နေရာဟာ မူလခန့်မှန်ထားတဲ့နေရာနဲ့ ကိုက် ၄၄၀ အကွာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြား ယောက်ျားလေး ၁၂ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် ၎င်းတို့ရဲ့ ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်မှာ Tham Luang Nang Non ဂူအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်းလူူငယ်များကို ပြန်ရှာတွေ့ကြောင်း သိရပြီး ပျော်ရွှင်နေသည့် မိသားစုဝင်နှစ်ဦး
၎င်းတို့အုပ်စု ဝင်ရောက်သွားခဲ့ပြီးနောက် ဂူအတွင်း ရေကြီးလာခဲ့ရာက ပြန်မထွက်နိုင်ဖြစ်ကာ ပိတ်မိနေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဆိုပါ ဂူအတွင်းသို့ မိုးရာသီကာလမှာ ရေများစီးဝင်လေ့ရှိပြီး ရေကြီးနစ်မြုပ်လေ့ရှိတာကြောင့် ထိုကာလအတွင်း ဂူအတွင်း ဝင်ရောက်ခြင်းကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ရေငုပ်သမားတစ်ဦးကို ဂူအတွင်း တွေ့ရစဉ်
"သူတို့အားလုံး ဘေးကင်းလုံခြုံပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့မစ်ရှင် မပြီးသေးပါဘူး၊ ကျွန်တော်တို့မစ်ရှင်က ရှာဖွေကယ်ဆယ်ပြီး ပြန်ခေါ်လာဖို့ပါ၊ အခု သူတို့ကို ပြန်ရှာတွေ့ပါပြီ၊ နောက်ထပ် လုပ်ဆောင်သွားရမှာကတော့ သူတို့အားလုံးကို ဂူအပြင်ရောက်အောင်ခေါ်လာပြီး အိမ်ပြန်ပို့ပေးဖို့ပါ" လို့ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်။
ထိုင်းလူူငယ်များကို ပြန်ရှာတွေ့ကြောင်း သိရပြီး ပျော်ရွှင်နေသည့် မိသားစုဝင်အချို့
ဂူအတွင်းမှ ရေများကို ဆက်လက်စုပ်ထုတ်ပြီး လူငယ်အုပ်စုရှိတဲ့နေရာသို့ ဆရာဝန်နဲ့သူနာပြုများစေလွှတ်ကာ ကျန်းမာရေးစစ်ဆေး စောင့်ရှောက်သွားမယ်လို့ သိရပါတယ်။ "ဆရာဝန်တွေက လူငယ်တွေရဲ့ အခြေအနေဟာ သွားလာနိုင်တယ်လို့ ပြောခဲ့ရင် သူတို့ကို ဂူအပြင်ကို အမြန်ပြန်ခေါ်လာမှာပါ၊ သူတို့ ကျောင်းပြန်တက်နိုင်တဲ့အထိ ကျွန်တော်တို့ ပြုစုစောင့်ရှောက်သွားမှာပါ" လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆက်ခ်က ဆိုပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်
Tham Luang Nang Non ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ အဆိုပါ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်ရေးအတွက် တရုတ်၊ မြန်မာ၊ လာအို၊ သြစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်းလည်း သိရပါတယ်။ ထိုင်းလူငယ်အုပ်စုကို ဂူအတွင်း ပျောက်ဆုံးနေမှု ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ထိုင်းလူငယ်အုပ်စု
- အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးဟာ Moo Pa သို့မဟုတ် Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားများဖြစ်ပါတယ်။
- အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြမှာ Ekkapol Janthawong ဖြစ်ပြီး ယောက်ျားလေးအုပ်စုကို တစ်ခါတရံ တစ်နေ့တာ ခရီးတိုများ ခေါ်ဆောင်သွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်မှာလည်း ယခု ဂူထဲသို့ပင် သွားလာခဲ့ကြဖူးပါတယ်။
- ဂူထဲမှာ ပျောက်နေခဲ့တဲ့ လူငယ်အုပ်စုမှာ အသက်အငယ်ဆုံးအဖြစ် အသက် ၁၁ နှစ်အရွယ် Chanin "Titan" Wibrunrungrueang ခေါ် ဘောလုံးအသင်းသားလည်း ပါဝင်ခဲ့ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ဘောလုံးကစားခဲ့သူ ဖြစ်ပါတယ်။
ဂူထဲမှာပျောက်နေခဲသည့် ထိုင်းလူငယ်အုပ်စု
- Wild Boar ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်မှာ အသက် ၁၃ နှစ်အရွယ် Duangpet "Dom" Promtep ဖြစ်ပြီး ၎င်းက ဘောလုံးအသင်းကို စိတ်ဓာတ်တက်ကြွအောင် ဦးဆောင်လှုံ့ဆော်နိုင်ပါတယ်။
- ဘောလုံးအသင်းရဲ့ နည်းပြချုပ်ဖြစ်သူ Nopparat Kantawong ကတော့ ဂူထဲကိုသွားရောက်တဲ့ ခရီးစဉ်မှာ လိုက်ပါခဲ့ခြင်းမရှိပါဘူး။ Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားတွေဟာ တစ်ချိန်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားတွေ ဖြစ်လာရန် အိပ်မက်ကိုယ်စီရှိကြကြောင်း နည်းပြချုပ်က ပြောပါတယ်။
ဂူထဲမှာ ၎င်းတို့ အတူတူရှိနေကြမယ်လို့ ယုံကြည်ကြောင်း နည်းပြချုပ် Nopparat Kantawong က ပြောထားခဲ့ပါတယ်။ "သူတို့ တစ်ယောက်ကိုတစ်ယောက် ပစ်ထားကြမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်၊ သူတို့ တစ်ယောက်တစ်ယောက် အပြန်အလှန် စောင့်ရှောက်ကြမှာပါ" လို့ နည်းပြချုပ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။