ချမ်းချမ်းဟာ ချစ်စရာကောင်းတဲ့ သမီးလေး မြမိုးဂင်္ဂါနဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေတာဖြစ်ပါတယ်။ စကား အရမ်းတတ်တဲ့ သမီးလေးကို လှုမှုရေးဆက်ဆံတဲ့ အပိုင်းကိုလည်း သွန်သင်ဆုံးမလေ့ရှိတယ်လို့ ပြောပါတယ်။ ချမ်းချမ်းက အတတ်နိုင်ဆုံး ပူပင်သောက ကင်းအောင် နေခဲ့လို့လည်း တစ်နေ့ထက်တစ်နေ့ အရွယ်တင်နုပျိုနေတာပါတဲ့။
Photo: Chan Nyein Facebook
အဆိုတော်ချမ်းချမ်းက အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေး မြမိုးဂင်္ဂါ ရဲ့ စကားအရမ်းတတ်တဲ့အကြောင်းကိုပြောလာပါတယ်။ ဘဝကို သမီးလေး နဲ့ နှစ်ယောက်တည်း ဖြတ်သန်းနေရတဲ့ ချမ်းချမ်းဟာ သူ့ရဲ့ သမီးလေးကို လူမှုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေသင်ပေး ဖြစ်တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။
'' စကားတွေကတော့ အများကြီးပြောပါတယ်။ အဓိက ကတော့ အစ်မက လူမူရေးခေါင်းစဉ်နဲ့ လူမှုရေးနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို သင်ပေးတယ်။ ပြောတာကတော့ သူ့အရွယ်နဲ့ မလိုက်အောင်ကိုပြောတတ်နေပြီ။ သူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီး ပါပဲ''ဆိုပြီးတော့ L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဖို့ စီစဉ်နေတဲ့ ချမ်းချမ်း
Photo: Chan Nyein Facebook
သမီးလေး မြမိုးဂင်္ဂါ ကတော့ အခုဆိုရင် အသက် ၄ နှစ်အရွယ်ကိုကျော်လာပါပြီ။ သူ့အနေနဲ့ မိခင်ဖြစ်တဲ့ အဆိုတော် ချမ်းချမ်းရဲ့ အုပ်ထိန်းမှု အောက်မှာ ပျော်ပျော်ရွှွင်ရွှင်နေထိုင်လျှက်ရှိပါတယ်။ ချမ်းချမ်းကို ချစ်တဲ့ ပရိသတ်တွေကလည်း မြမိုးဂင်္ဂါလေးကို အချစ်ပိုလို့ နေကြပါတယ်။
'' အဓိက ကတော့သူပျော်အောင်လို့ မျိုးစုံပေါ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အမြဲတမ်းတိုးတက်အောင်လို့ အစ်မက ပြုစုစောင့် ရှောက်တယ်။ တက်နိုင်သမျှတော့ အစ်မ အချိန်ပေးဖြစ်ပါတယ်။ အဓိက ကတော့ သူ့ရဲ့ ပညာရေးရယ်၊ ကျန်းမာရေးရယ်၊ စိတ်ဓာတ်ပိုင်းဆိုင် ရာပေါ့။ လူမှုရေးလည်း သင်ပေးတယ်'' လို့ ဆိုပါတယ်။
Photo: Chan Nyein Facebook
အနုပညာအလုပ်တွေလည်း လုပ်နေရသလို သမီးလေးကိုလည်း ရင်အုပ်မကွာစောင့်ရှောက်လျှက်ရှိတဲ့ ချမ်းချမ်းက သူ့ကိုယ်သူလည်း အမြဲတမ်း ပျော်အောင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အရွယ်တင်နုပျိုနေတာပါတဲ့။
'' အဓိက ကတော့ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်နေတယ်။ အပူအပင်သောက ရှိရင်တောင်မှ ကိုယ့်ကိုယ်ကို ပျော်အောင် အမြဲတမ်း ဖန်တီးတယ်။ Alway smiley is my best အစ်မအတွက်က သင်္ကေတ တစ်ခုပါပဲ။ အမြဲတမ်း ပြုံးပြုံးပျော်ပျော်နေတာကတော့ အရွယ်တင် တယ်လို့ အစ်မထင်တယ်''လို့ သူကဆိုပါတယ်။
Photo: Chan Nyein Facebook
အဆိုတော်ချမ်းချမ်းရဲ့ အနုပညာလှုပ်ရှားမှုကတော့ သူ့ရဲ့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို သီချင်းအသစ်လေးတစ်ခုဖြစ်တဲ့ ' တစ်ခုတည်း' ဆိုတဲ့ သီချင်းလေးကို ဇူလိုင်လ ၁၀ ရက်နေ့က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲပါတယ်။ အချစ်သီချင်း မြူးမြူးဖြစ်လို့ အားပေးတဲ့ ပရိသတ်တွေ လည်း အများကြီးရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။