၂၀၁၈ ကစပြီး eSports စကားသံဟာ ကျယ်လောင်လာပါပြီ

နိုင်ငံတကာမှာ eSport ပြိုင်ပွဲဟာ သမိုင်းကြောင်း ရှည်ရှည်လျားလျား ရှိထားပေမယ့် မြန်မာပြည်မှာတော့ eSport ဆိုတာ ဒီနှစ်ထဲ ရောက်မှ ကျယ်ကျယ်ပြန့်ပြန့်ကြားလာတဲ့ စကားတစ်လုံးလည်း ဖြစ်နေပါတယ်။

 



eSport ဆိုတာ ဘာလဲ

photo: Stadium My


အီလက်ထရောနစ် ဂိမ်းပြိုင်ပွဲလို့ခေါ်တဲ့ eSport ဟာ ဗွီဒီယိုဂိမ်းပြိုင်ပွဲ ပုံစံတစ်မျိုးဖြစ်ပြီး လူအများနဲ့စုပြီး ကစားကြတဲ့ Multiplayer ဂိမ်းပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ မှတ်တမ်းများအရ ကမ္ဘာပေါ်မှာ ပထမဆုံး ဗွီဒီယိုဂိမ်းပြိုင်ပွဲကို ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က Spacewar ဂိမ်းနဲ့ စတန်းဖို့ဒ်တက္ကသိုလ်မှာ ကျင်းပခဲ့တာပါ။

ထိုစဉ်က Spacewar ပြိုင်ပွဲမှာ ပထမဆု ရခဲ့တဲ့ သူဟာ Rolling Stone မဂ္ဂဇင်း တစ်နှစ်စာဖတ်ခွင့်ပဲ ရခဲ့တာ ဖြစ်ပြီး ဒီနေ့ခေတ် Dota 2 လို နိုင်ငံတကာ eSport ပြိုင်ပွဲမှာဆို အနည်းဆုံး ဒေါ်လာ ၁.၆ သန်းကနေ စုစုပေါင်း ဒေါ်လာ ၂၅သန်း နီးပါး ပေးနေပြီ ဖြစ်ပါတယ်။

 

တစ်နေ့ကမှ စတင်လာတဲ့ မြန်မာပြည် eSports ပြိုင်ပွဲများ

 

၂၀၁၈ ဟာ မြန်မာပြည် eSport လောကအတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့အကြီးဆုံး LAN-Gaming စင်တာတစ်ခုအဖြစ် စတင်ဖွင့်လှစ်ခဲ့တဲ့ HoG eSport Center နဲ့တယ်လီကွန်းအော်ပရေတာ တစ်ခု ဖြစ်တဲ့ Ooredoo တို့ပူးပေါင်းပြီး HOGCon 2018 နာမည်နဲ့eSport ပြိုင်ပွဲတစ်ရပ်ကို ဇွန်လ ၂၈ ရက်နေ့က စတင်ကျင်းပခဲ့ပါတယ်။

HOGCon 2018 ပွဲမှာ HOG Masters Dota 2 ပြိုင်ပွဲအတွက် ပထမဆု ၂၅ သိန်းကျပ်အပြင် စုစုပေါင်း ကျပ် ၆၇ သိန်းတန် ဆုကြေးများ ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး eSport ပြိုင်ပွဲမှာ ထူးခြားတဲ့အချက်ကတော့ ဂိမ်းဇာတ်ကောင်များအတိုင်း ဝတ်စားယှဉ်ပြိုင်ကြတဲ့ Grand CosPlay ပြိုင်ပွဲနဲ့ပထမဆုံး PUBG Tournament ပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပခဲ့တာပါ။

စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း ၁၀၀ နီးပါး ပေးအပ်ခဲ့တဲ့ ဒီဂိမ်းပြိုင်ပွဲရဲ့ နောက်ထပ် ခြေလှမ်းကတော့ ဂိမ်းကနေ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ဖို့ဖြစ်တယ်လို့HOG eSport center ရဲ့ ပူးတွဲတည်ထောင်သူ ကိုစိုပြည်အောင်က ဆိုပါတယ်။

 

" ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အခုလို အရည်အသွေးပြည့်ဝတဲ့ ဂိမ်းဝါသနာရှင်များကို အနာဂတ်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာမှ esport ပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးလိုပါတယ်။ ဂိမ်းကစားခြင်းဟာ အပန်းဖြေခြင်းထက် မြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းတရပ် ဖြစ်လာစေပါတယ်။” လို့ပြောပါတယ်။

ဇွန်လထဲမှာပဲ Zurich Mobile Legends Myanmar Cup 2018 နာမည်နဲ့offline eSport ဂိမ်းပြိုင်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ Zurich Media & Advertising နဲ့Mobile Legends တို့ပူးပေါင်းကာ ZML Myanmar Cup 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပလိုက်တာ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် Squad များအတွက် အွန်လိုင်း register စာရင်းပေးသွင်းခြင်းကို ဧပြီလထဲမှာ လက်ခံခဲ့တာပါ။

ချန်ပီယံဆု ကျပ် ၁၀ သိန်းနဲ့အတူ Diamonds 48000 ပေးခဲ့တဲ့ ဒီပွဲကလည်း ပြည်တွင်းဂိမ်းကစားသူများအတွက် ထူးခြားတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ထပ် Mobile Legend ပြိုင်ပွဲတစ်ခုကတော့ MPT ရဲ့ ပံ့ပိုးမှုနဲ့ကျင်းပသွားတဲ့ Mobile Legends: Bang Bang South East Asia Cup 2018 Myanmar MPT Qualifier ပြိုင်ပွဲဖြစ်ပြီး ဇူလိုင် ၇ ရက်နဲ့၈ ရက်တို့မှာ ကျင်းပသွားခဲ့တာပါ။

ဒီပြိုင်ပွဲတွေရဲ့ ထူးခြားချက်ကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးမှ အသင်းရာပေါင်းများစွာ အားတက်သရော ဝင်ရောက်ယှဉ်ပြိုင် ခဲ့တာပါ။ ဒါတွေက မြန်မာပြည် eSports အတွက် တာထွက်ကောင်းတဲ့ နိမိတ်တွေလား။

 

ဂိမ်းဈေးကွက်

 

"မြန်မာပြည်ရဲ့ game industry မားကတ်က အကြီးကြီးပဲ ရှိသေးတယ်"

ပြီးခဲ့တဲ့နှစ် ဧပြီလကုန်ပိုင်းက Duwun Tech နဲ့နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုရထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂိမ်းကုမ္ပဏီ MyPlay ရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ်ဖြစ်သူ ကိုမြင့်ကျော်သူနဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားတာပါ။

အရှေ့တောင်အာရှ ဈေးကွက်ကို ထိုးဖောက်ဖို့ကြိုးပမ်းတည်ထောင်ခဲ့တဲ့ ဒီဂိမ်းကုမ္ပဏီဟာ သြစတြေးလျ အခြေစိုက် iSentric ဆီက သြစတြေးလျဒေါ်လာ ၆ သန်း (အမေရိကန်ဒေါ်လာ ၄.၅၇ သန်း) ရင်းနှီမြှပ်နှံမှု ရထားတဲ့ ရှားရှားပါးပါး ပြည်တွင်း ဂိမ်းကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

အွန်လိုင်းဂိမ်းလုပ်ငန်းတစ်ခုအတွက် အခြေခံ infrastructure များ အားနည်းတဲ့ မြန်မာနိုင်ငံမှာ ရိုးရာဂိမ်းများ ဖြစ်တဲ့ မြန်မာစစ်တုရင် ၊ကလေးတို့ရွာ ၊ သမိန်ပေါသွပ် ၊ ရှမ်းကိုးမီးကမ္ဘာ ၊ ဆိုက်ကားဆရာ ငပိန်စတဲ့ ဂိမ်းများကို အောင်အောင်မြင်မြင်နဲ့ဖန်တီးနိုင်ခဲ့ရုံတင်မကဘဲ တိုကျိုဂိမ်းပွဲတော်မှာ အရှေ့တောင်အာရှ ဂိမ်းဇာတ်ကောင် အထူးဆုကို MyPlay မှ ဆိုက်ကားဆရာ ငပိန်ဇာတ်ကောင်မှ ရရှိတဲ့အထိ မြန်မာ့ဂိမ်းကို ကမ္ဘာကသိအောင် လုပ်ပြနိုင်ခဲ့ပါတယ်။

 

သို့သော်လည်း မြန်မာ့ဂိမ်းစီးပွားရေးကဏ္ဍဖွံ့ဖြိုးရေးတစ်ခုလုံးအနေနဲ့တော့ နှေးကွေးဆဲ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ မြန်မာ့ဂိမ်းဈေးကွက် ဖွံ့ဖြိုးဖို့အတွက် ပြည်တွင်းဂိမ်းကုမ္ပဏီတိုင်းဟာ စိန်ခေါ်မှု ၃ ရပ်ကို ရင်ဆိုင်နေရတယ်လို့ကိုမြင့်ကျော်သူက ဆိုပါတယ်။

"အခက်အခဲတွေကတော့ အများကြီးပဲ။ ဂိမ်းဆိုတာ အနုပညာပစ္စည်းတစ်ခုလည်း ဖြစ်တယ်။ ကိုယ်ရေးလိုက်တဲ့ ဂိမ်းက ပေါက်ချင်မှလည်း ပေါက်မယ်။ တစ်ချို့ဆို အရှုံးပေါ်တာအထိ ရှိတယ်။ ဒီမှာက တကယ့် struggle က ဘာလဲဆိုတော့ ပြည်တွင်းဈေးကွက်လုပ်မလား ၊ နိုင်ငံတကာမှာပဲ လုပ်မလား ၊ outsourcing သွားမလားပေါ့။ နိုင်ငံတကာဈေးကွက်သွားမယ်ဆိုရင်လည်း နိုင်ငံတကာ game industry နဲ့ယှဉ်ရင် ကိုယ့်ဘက်မှာ skill ပိုင်းလိုက်ဖို့က အရမ်းခက်ခဲမယ်။ ပြည်တွင်းမှာဆို infrastructure ပိုင်းပေါ့ ။ အင်တာနက်ကော်နက်ရှင်ပိုင်း ၊ payment တွေ banking တွေက ပြဿနာ ရှိတယ်။ outsorucing ပိုင်းမှာ အရင်က အဆင်ပြေပေမယ့် နောက်ပိုင်း တရုတ်လို နိုင်ငံတွေမှာ outsourcing သီးသန့်လုပ်တဲ့ လုပ်ငန်းတွေပေါ်လာတော့ တစ်ခြားနိုင်ငံက ဂိမ်း developers တွေအနေနဲ့ရပ်တည်ဖို့ခက်သွားတာတွေ ရှိတယ်" လို့သူက သုံးသပ်ပါတယ်။

Global eSport Market စစ်တမ်းအရ ၂၀၁၇ ခုနှစ်မှာ eSport စီးပွားရေးရဲ့ ဝင်ငွေဟာ ဒေါ်လာ ၆၉၆ သန်း ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာဆို ဒေါ်လာ ၁.၅ ဘီလျံတန် ဈေးကွက်ဖြစ်လာမယ်လို့ဆိုပါတယ်။ Casual Games Association ရဲ့ လေ့လာမှုများအရ အရှေ့တောင်အာရှဂိမ်းဈေးကွက်ဟာ ကမ္ဘာ့ဂိမ်းဖွံ့ဖြိုးမှုအမြင့်ဆုံးဒေသထဲမှာ ပါဝင်နေပြီး စီးပွားရေးအရ ယခုနှစ်ထဲမှာ ဒေါ်လာ ၂.၂ ဘီလျံတန်တဲ့ ဂိမ်းဈေးကွက်ဖြစ်လာမယ်လို့ဖော်ပြထားပေမယ့် ဂိမ်းကစားခြင်းကို စီးပွားရေးလို့မြန်မာ့မျက်စိက မြင်ဖို့ခက်နေပါတယ်။

 

ဂိမ်းရေစီးကြောင်း

37293293_10156843415482662_4415944631963877376_n_1280x720.jpg 


လူတိုင်း စမတ်ဖုန်းကိုင်နိုင်တဲ့ အခြေအနေရောက်လာချိန် မြန်မာလူငယ်များအကြားမှာ လူကြိုက်အများဆုံး ဂိမ်းကတော့ Mobile Legend ပါ။ အလုပ်အကိုင်မရွေး အသက်အရွယ်မရွေး ဆော့နိုင်ပြီး ပျမ်းမျှ နေ့စဉ် ၂ နာရီ ၃ နာရီပဲ ဆော့သူ တွေ ရှိသလို အားလပ်ချိန်များမှာ ညလုံးပေါက် ဆော့တဲ့ လူငယ်တွေလည်း ရှိထားပါတယ်။ 

ငယ်ငယ်က P2 ဂိမ်းဆော့ဖြစ်တဲ့ ကိုမျိုးမင်းအောင်ကတော့ အခုဆို တစ်နေ့၂ နာရီလောက် Mobile Legend ဆော့ဖြစ်တယ်လို့ဆိုပါတယ်။"Dota ဆော့တာကတော့ ၅ နှစ်လောက် ရှိပြီ။ ပရော်ဖက်ရှင်နယ် ပလေယာကြီးဖြစ်ဖို့မရည်ရွယ်ပါဘူး။ ကျွန်တော်က အပျော်တမ်းဆော့တာပါ။" လို့ပြောပါတယ်။

အပျော်တမ်းဂိမ်းကစားခြင်းကို အပြစ်မဆိုပေမယ့် ဦးမြင့်အောင်ကတော့ ဂိမ်းကြောင့် လူငယ်များ အနာဂါတ်ပျောက်မှာ စိုးရိမ်နေပါတယ်။

"ကလေးတွေ ကြည့်လိုက်ရင် လက်ဖက်ရည်ဆိုင်တွေမှာ ဂိမ်းကစားနေတာ တွေ့တယ်။ သူတို့ရဲ့ တိုးတက်မှု လမ်းကြောင်းဟာ မမြင်တော့ဘူး။ ရှေ့ဆက်ပြီး သူဘာလုပ်မလဲဆိုတာကို သူမတွေးတတ်တော့ူး။ ဘာလို့ဆို ဒီလို ဂိမ်းကစားတာတွေကြောင့်ဒါတွေ အများကြီး ဆုံးရှုံးသွားပြီလေ။ဒီတော့ဒီကနေ လူငယ့်ခေါင်းဆောင်တွေ ဖြစ်မလာတော့ဘူး။ "

ယေဘုယျအားဖြင့် လူကြီးအများစုဟာ ဂိမ်းကစားခြင်းကို ခေတ်ရေစီးကြောင်းတစ်ခုအနေနဲ့အလိုက်သင့် လက်ခံထားတဲ့ ပုံပါပဲ။ ကျန်းမာရေးရှုထောင့်အရ စီးပွားရေး ၊ ပညာရေးအမြင်အရ အလွန်အကျူးမဖြစ်စေဖို့ဟန့်တားတာမျိုး ရှိပေမယ့် ဆိုးဆိုးဝါးဝါးကြီးတော့ ကန့်ကွက်တာမျိုး မရှိပါဘူး။ တစ်ဖက်ကကြည့်ရင်လည်း ဂိမ်းဟာ စီးပွားရေးတစ်ရပ်လို့လက်ခံဖို့ခက်နေပါတယ်။

"ဂိမ်းပဲ စွဲစွဲမြဲမြဲ ဆော့နေရင် ဦးနှောက်ထိမယ် ၊ မျက်လုံးထိမယ် ။ အလုပ်ပျက် ၊ ကျောင်းပျက်ဖြစ်မယ်ပေါ့လေ ။ဖုန်းတွေ ပေါ်လာတော့ ဖုန်းထဲမှာ ရှိတဲ့ ဗဟုသုတရစရာတွေ အများကြီး ရလာပြီလေ အဲဒါကို လေ့လာစေချင်ပါတယ်။" လို့ကျောင်းသားမိဘတစ်ဦး ဖြစ်တဲ့ ဦးအောင်ဇော်တင့်က ပြောပါတယ်။

 

ဂိမ်းကနေ ဘယ်လိုငွေရှာမလဲ

 

မြန်မာနိုင်ငံမှာ ပရော်ဖက်ရှင်နယ် ဂိမ်မာအဖြစ် ရပ်တည်ပြီး အသက်မွေးဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲနေပါတယ်။ မိသားစု အသိုင်းအဝိုင်းအနေနဲ့လည်း ရုံးသွား ရုံးတက် ကိုယ်ပိုင်ဘဝလေးနဲ့အေးအေးချမ်းချမ်း နေနိုင်စားနိုင်ဖို့က အရိုးစွဲနေတာ ဖြစ်လို့ ဂိမ်းကစားပြီး ပိုက်ဆံရှာမယ့်အစီအစဉ်ဟာ အငြင်းခံရမှာ သေချာသလောက် ရှိနေပါတယ်။

နိုင်ငံတကာမှာတော့ ပရော်ဖက်ရှင်နယ် ဂိမ်မာနဲ့streamer တို့ဟာ နိုင်ငံတကာ eSport ပြိုင်ပွဲ ဆုကြေးမပါ တစ်ပတ် နာရီ ၄၀ ကစားရုံနဲ့တစ်လကို အနည်းဆုံး ဒေါ်လာ ၃၀၀၀ ကနေ ၅၀၀၀ ကြားဝင်နေပါတယ်။ဒီထဲမှာ Twitch လို streaming ပလက်ဖောင်းမှာ subscriber ၁၀၀ ကို ဒေါ်လာ ၂၅၀ လစဉ် ရနေတဲ့ ဝင်ငွေ မပါသေးပါဘူး။

ဂိမ်းကနေ ငွေရှာနည်း အမျိုးမျိုး ရှိပါတယ်။ ဒီထဲမှာ Live streaming ကနေ ကိုယ့်ရဲ့ gameplay ကို တစ်ကမ္ဘာလုံးသိအောင် ကြေငြာပြသတဲ့န ည်းလည်း ရှိပါတယ်။ ဒီကနေ ပရိတ်သတ်တွေ ရလာပြီး ဝင်ငွေလည်း ရလာတာပါ။ ဒီအတွက် တမူထူးခြားတဲ့ ဂိမ်းကစားဟန်တဲ့ တင်ဆက်ပုံတွေကို ဂိမ်းကစားရင်း အသုံးပြုကြပါတယ်။

နောက်တစ်နည်းကတော့ ဂိမ်းစဆော့တဲ့ သူများအတွက် YouTube မှာ ဗွီဒီယိုတင်တာ ၊ ဝက်ဘ်ဆိုက်မှာ လမ်းညွှန်ရေးတာတို့အပြင် eBook အနေနဲ့လည်း ထုတ်နိုင်ပါတယ်။ YouTube ဗွီဒီယိုနဲ့ဝက်ဘ်ဆိုက် တို့ကတော့ ကြော်ငြာကနေ ပိုက်ဆံရမှာ ြဖ်ပြီး eBook ကတော့ ရောင်းအားအလိုက် ပိုက်ဆံရမှာပါ။

 

Podcast တို့YouTube ချန်နယ်မှာ လစဉ် ၊အပတ်စဉ် ဂိမ်းနဲ့ပတ်သတ်တဲ့ ရှိုးတွေ ၊ ဆွေးနွေးပွဲတွေ ၊ နာမည်ကြီး ပလေယာတွေနဲ့အင်တာဗျူးတွေ အပြင် တစ်ချို့ဂိမ်းတွေမှာ ဘယ်လို လှည့်ကွက်လေး သုံးဆော့ရတယ်ဆိုတာမျိုး တင်ပြီးလည်း ပိုက်ဆံရှာနိုင်ပါတယ်။


ဒီဘက်ခေတ်မှာ ဆုကြေးတွေ နင့်နေအောင် ပေးတဲ့ ဂိမ်းပြိုင်ပွဲပေါ်လာတာ ပရို ဂိမ်းသမားတွေအတွက် အကွက်ပါပဲ။ အခုဆို Fortnite ကလည်း ဒေါ်လာ ၈ သန်းတန် eSport ဂိမ်းပြိုင်ပွဲ စတင်နေပါတယ်။ ပြည်တွင်းမှာတောင် ဒါမျိုးပွဲလေးတွေ ခပ်စိပ်စိပ်မြင်နေရပြီ ဖြစ်လို့ဒီကနေ ငွေရှာဖို့လည်း ကောင်းပါတယ်။


ဂိမ်းနဲ့စီးပွားရှာလို့ရတဲ့ နောက်တစ်ချက်က ကိုယ်က ဂိမ်းကျွမ်းကျင်လို့ပဲ ဖြစ်ဖြစ် ဝါသနာကြီးလို့ပဲဖြစ်ဖြစ် ဂိမ်းတွေ ဆော့ရင်း review လုပ်လို့ရပါတယ်။ ကိုယ်ပိုင် ဝက်ဘ်ဆိုက်တစ်ခုလုပ်ပြီး paid-per-article တွေကနေ ကိုယ့်ရဲ့ ဂိမ်း review ဝင်ဖတ်သူတွေဆီကနေ ပိုက်ဆံယူနိုင်ပါတယ်။


ဂိမ်းကုမ္ပဏီတွေဟာ ဈေးကွက်ထဲ သူတို့ဂိမ်းမဖြန့်ခင်မှာ အပြင်က ဂိမ်မာတွေကို ပိုက်ဆံပေးပြီး စမ်းဆော့ခိုင်းပါတယ်။ ဒီလိုဆော့ရင်းနဲ့ဘယ်အပိုင်းမှာ ဂိမ်း developing ပိုင်း ဟာကွက်ရှိတယ်ဆိုတာကို သူတို့ကို ပြန်ပြောရတာပါ။ ဂိမ်းစစ်ဆေး အစမ်းဆော့ပြီး ဝင်ငွေရှာနိုင်ပါတယ်။

ဒီလို ငွေရှာတဲ့ ပုံစံကို ဂိမ်းကစားရင်းနဲ့တစ်ပြိုင်နက်တည်း လုပ်နိုင်ပါတယ်။ နောက်ထပ် ဂိမ်းမာမဟုတ်ပေမယ့် ဂိမ်းဈေးကွက်ကနေ ငွေရှာနိုင်တာကတော့ ဂိမ်းဇာတ်ကောင်ဒီဇိုင်း ရေးဆွဲတဲ့ Game developer ၊ ဂိမ်းဒီဇိုင်းနာ ၊ ဇာတ်ကောင် ဒီဇိုင်နာ ၊ gameplay ၊ ဂိမ်းမှာ သုံးတဲ့ items နဲ့UI ဒီဇိုင်းပညာရှင်အလုပ်အကိုင်အပြင် အခြားဂိမ်းကနေ အနုပညာဖန်တီးချက်တွေ ထည့်သွင်းတဲ့ အလုပ်အကိုင်ပေါင်းများစွာလည်း ရှိထားပါတယ်။

 

ပရိုဂိမ်မာတွေ မြင်ရတော့မလား

photo: XY Gaming


မြန်မာနိုင်ငံမှာတော့ eSports ဂိမ်းတွေကို စီးပွားရေးတစ်ရပ်လို အကောင်အထည်ဖော်ဖို့နှေးကွေးနေဆဲပါ။ ဂိမ်းဝါသနာရှင်များအတွက်လည်း အပျော်တန်း ဂိမ်းဆော့တဲ့ အဆင့်ကနေ professional တစ်ဦးအဖြစ် ရပ်တည်ဖို့သိပ်မစဉ်းစားကြသေးပါဘူး။

"အရင်က ပရော်ဖက်ရှင်နယ် ဂိမ်းသမားဖြစ်ချင်ခဲ့တာပါ။ အခုတော့ မရှိတော့ပါဘူး။"

Mobile Legends နဲ့Dota ကို ၃ နှစ်ကျော်ကြာ ဆော့လာတဲ့ ကိုထက်ဇော်အောင်ရဲ့ စကားကလည်း ဒီနေ့မြန်မာ့ eSports လောကအသံများ ထဲကခေတ်ပေါ် အသံတစ်သံလည်း ဖြစ်နေပါတယ်။

Share

Loading Next Article...
က္က