တချို့ မိဘတွေကဆိုရင် လူကြီးပြောတာကို စောဒက တက်ရသလား၊ လူကြီးကို ဒီလို မေးခွန်းထုတ်ရသလားပေါ့။ သွားဆိုရင်သွား၊ မသွားနဲ့ဆိုရင် မသွားနဲ့။
မဟုတ်ဘဲနဲ့ ဒါသွားလို့မဖြစ်ဘူး၊ ဒါသွားတာမမှန်ဘူး၊ မသွားသင့်ဘူးဆိုတာကို မေမေ(ဒေါ်ခင်ကြည်)က လက်ခံတာကို အမေ(ဒေါ်အောင်ဆန်းစုကြည်)က အများကြီးတန်ဖိုးထားတယ်။
(၇၁) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခြင်း
Myanmar State Counsellor Office မှတဆင့် ပြန်လည်ဖော်ပြသည်။
မေး။ ။ အာဇာနည်နေ့နဲ့ပတ်သက်ပြီး အမေ့ရင်ထဲမှာလည်း ပြောစရာစကားတွေ အများကြီး ရှိမယ် ထင်ပါတယ်။ ပြည်သူတွေ သိချင်နေကြတဲ့ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး အမေ့ရင်ထဲက စကားတွေကို ပြောပြပေးစေလိုပါတယ်။
ဖြေ။ ။ တကယ်တော့ ပြောပြချင်တာမရှိပါဘူး။ ပြည်သူတွေ ပြောတာကိုပဲ နားထောင်ချင်တာပါ။ အခုဆိုရင် အာဇာနည်နေ့ကို ပြည်သူတွေက ဘယ်လို မြင်သလဲ။ အထူးသဖြင့် ဖေဖေတို့ကို လုံးဝမမီခဲ့တဲ့ ပြည်သူတွေပေါ့။ အများစုကတော့ မမီခဲ့ဘူး။
ဖေဖေတို့ ခေတ်ကိုမီခဲ့တဲ့ ပြည်သူပြည်သားတွေဆိုတာ အခု လူနည်းစုဖြစ်သွားပြီ။ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေက လုံးဝမမီခဲ့ဘူး။ အာဇာနည်နေ့နဲ့ပတ်သက်ရင် ကိုယ်ကိုယ်တိုင် ပြောချင်တာထက် အများပြည်သူက အခု ဘယ်လိုမြင်သလဲ၊ အာဇာနည်နေ့ကို ဘာဖြစ်လို့ တန်ဖိုးထားသလဲ၊ အလေးထားသလဲဆိုတာကို ပိုပြီးတော့ သိချင်တာပါ။
မေး။ ။ တကယ်တမ်းတော့ ဒီစကားတွေကို ပြန်မတူးဆွသင့်ဘူး ထင်ပါတယ်။ ဒါပေမယ့် တစ်တိုင်းပြည်လုံးရဲ့ အမျိုးသားခေါင်းဆောင်ကြီးမို့ မေးရတာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရမယ့်နေ့ စာအုပ်တွေထဲကနေ ဖတ်ရှုမှတ်သားခဲ့ရတဲ့ ဗိုလ်ချုပ်အနေနဲ့ ဝတ်နေကျ အဝတ်အစားမဟုတ်တဲ့ အနေအထားနဲ့ပတ်သက်တာရယ်၊ အိမ်ကနေ မထွက်ခွာခင် သမီးငယ်ဖြစ်တဲ့ အမေစုကို တယုတယပွေ့ချီနမ်းပြီး နှုတ်ဆက်သွားတဲ့ ပုံရိပ်တွေ ပြန်မြင်ယောင်တဲ့အခါ အမေစုရဲ့ ခံစားချက်လေးကို ကြားသိချင်ပါတယ်။
ဖြေ။ ။ အဝတ်အစားနဲ့ပတ်သက်လို့ တစ်ခါမှလည်း သိပ်ပြီးမစဉ်းစားခဲ့ပါဘူး။ ဖတ်တော့ဖတ်ဖူးတာပေါ့။ အဲဒီနေ့က ချိတ်ပိုးပုဆိုးနဲ့သွားတယ်ဆိုတာ။ ဒါပေမယ့်လည်း အဝတ်အစားကတော့ သိပ်အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်။
အစိုးရအဖွဲ့ဝင် တစ်ယောက်ဖြစ်တော့လည်း အစိုးရအဖွဲ့ဝင် တစ်ယောက်ပီပီ တစ်ခါတလေတော့လည်း ဝတ်သင့်၊ စားသင့်တယ် ထင်လို့ ဝတ်တယ်လို့ပဲ စိတ်ထဲမှာ ထင်ပါတယ်။ ဒါပေမယ့်လည်း အမေတို့ကို ဒီလိုပဲ ပွေ့ပြီးတော့နမ်းတယ်၊ မွှေးမွှေးပေးတယ် ဆိုတာတော့ ဖေဖေကလုပ်နေကျပါ။ ရုံးမသွားခင် သားသမီးတွေအားလုံးကို ဒီလိုပဲ နှုတ်ဆက်လေ့ ရှိပါတယ်။
မေး။ ။ လက်ရှိမှာလည်း အမေစုအနေနဲ့ ကြီးလေးတဲ့ နိုင်ငံ့တာဝန်တွေ ကိုယ်တိုင်ထမ်းဆောင်နေတော့ ဘယ်လို အချိန်မျိုး၊ ဘယ်လိုအခြေအနေမျိုးမှာ ဖခင်ဗိုလ်ချုပ်ကို လွမ်းဆွတ်မိပါသလဲရှင်။ ဥပမာ- အခက်အခဲတွေနဲ့ ကြုံလာတဲ့အချိန်၊ ဒါမှမဟုတ် အောင်မြင်မှုရရှိခဲ့တဲ့အခြေအနေမျိုးမှာပေါ့။
ဖြေ။ ။ လွမ်းဆွတ်တယ်လို့တော့ မပြောချင်ပါဘူး။ အမေက ခလုတ်ထိမှ အမိတတာမျိုးကို သိပ်မကြိုက်ပါဘူး။ ဖေဖေတင်မဟုတ်ပါဘူး။ မေမေရော၊ ဖေဖေရော နှစ်ယောက်စလုံးကို မကြာခဏ သတိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျေးဇူးတင်တဲ့စိတ်နဲ့ သတိရတာပါ။
ဘယ်လိုအခက်အခဲတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ဘယ်လိုစိန်ခေါ်မှုတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ရင်ဆိုင်နိုင်တယ်ဆိုရင် ဒါက မိဘရဲ့ကျေးဇူးကြောင့်လို့ သတ်မှတ်ပါတယ်။ မေမေရဲ့ သွန်သင်ဆုံးမမှုကြောင့်၊ ဖေဖေရဲ့ စိတ်ဓာတ် စံနမူနာ အကြောင်းကို လွမ်းဆွတ်တယ်ဆိုတာထက် ကျေးဇူးတင်တဲ့စိတ်နဲ့ ပိုပြီးတော့ သတိရတာ များပါတယ်။
မေး။ ။ အဘွားဒေါ်ခင်ကြည်ကနေတစ်ဆင့် ပြန်လည်ကြားသိရတဲ့ ဗိုလ်ချုပ်ရဲ့အကြောင်း၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အမှတ်ရဆုံးအဖြစ်တွေကိုလည်းသိပါရစေရှင်။
ဖြေ။ ။ ပြောတာတွေက အများကြီးပေါ့။ ဘာမှတ်မိသလဲဆိုတော့ ဖေဖေ့အကြောင်း တိုက်ရိုက် မဟုတ်ပါဘူး။ မေမေ (ဒေါ်ခင်ကြည်)က အရင်တုန်းကဆိုရင် ရုပ်ရှင်တွေကို ဆင်ဆာလုပ်ရတဲ့ လူကြီးဆိုတော့ ရုပ်ရှင်တွေကို တစ်ပတ်တစ်ခါ သွားသွားပြီးတော့ ဆင်ဆာသွားလုပ်ရတယ်။
ဒါပေမယ့် မေမေက ရုပ်ရှင်ကြည့်တာတွေကို သိပ်ပြီးတော့ အားမပေးဘူး။ တစ်ခါတလေ ကျောင်းပိတ်ရင် ခေါ်သွားတယ်။ မနက်အစောကြီးသွားရတယ်။ ကျောင်းပိတ်တဲ့အခါ ခေါ်သွားတယ်ဆိုပေမယ့်လည်း မေမေကရုပ်ရှင်ကောင်းတွေကို ဘယ်တော့မှ ရွေးလေ့မရှိဘူး။
အလုပ်အနေနဲ့ပဲ သဘောထားပြီး အခြားသူတွေ မကြည့်ချင်တဲ့ဟာတွေကိုပဲ ကြည့်ပြီး ဆင်ဆာလုပ်တယ်။ တစ်ခါတော့ ထူးထူးခြားခြား ကျောင်းပိတ်တုန်းမှာ ကလေးကတော့ ကြည့်ချင်မှာပဲဆိုပြီး ရုပ်ရှင်ကောင်းကောင်းတစ်ခုကို ရွေးထားတယ်။ ဘာကားလဲဆိုတာကိုတော့ မမှတ်မိတော့ပါဘူး။
ရုပ်ရှင်ကောင်းကောင်းကို ကြည့်ရတာလည်း အင်မတန်မှ ကြည့်ခဲတယ်ဆိုတော့ သိပ်ကြည့်ချင်တာပေါ့။ ဒါပေမယ့်လည်း ရုပ်ရှင်သွားပြီး ကြည့်ရမယ့်နေ့မတိုင်မီမှာပဲ အလုပ်တစ်ခုပေါ်လာတော့ မေမေက ရန်ကုန်အပြင်ကို ထွက်ရတယ်။ ဘယ်လဲမသိဘူး၊ ပဲခူးလား၊ ဘာလား အဲဒီလိုဟာမျိုး တစ်နေရာကိုသွားမယ်ဆိုတော့ သွားလို့မရဘူး။
အမေကသိပ်သွားချင်တယ်ဆိုတာသိတော့ မေမေကပြောတယ်၊ မေမေ့ မိတ်ဆွေ တစ်ယောက်နဲ့သွားလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ရုံက မန်နေဂျာတွေကလည်း သိနေတယ်။ အမေမှတ်မိသလောက်တော့ ဆင်ဆာလုပ်တဲ့ လူကြီးတွေက ဧည့်သည်သုံးယောက်လား၊ လေးယောက်လား မသိဘူး၊ ခေါ်သွားပိုင်ခွင့်ရှိတယ်။
အရင်ကလည်း မေမေနဲ့ သွားဖူးတယ်ဆိုတော့ မေမေ့မိတ်ဆွေကိုလည်း သိနေတယ်။ မေမေ့မိတ်ဆွေနဲ့ သွားဆိုတော့ အမေကပြောတာပေါ့။ ဘယ်လိုလုပ်သွားမလဲ၊ မေမေအလုပ်လုပ်မှ၊ မေမေက ဆင်ဆာလုပ်လို့သာ လူခေါ်လို့ရတာ၊ မေမေမပါ
ဘဲနဲ့ အမေတို့ချည်းပဲသွားရင် ဘယ်လိုဖြစ်မလဲဆိုပြီးပြောပါတယ်။ အမေက ကြည့်လည်း ကြည့်ချင်တယ်။ မေမေက အဲဒီလို လုပ်လိုက်လို့ မကြည့်ရတော့ပါဘူးဆိုပြီး အမေကစိတ်ကောက်ပြီး အိပ်ရာပေါ်မှာအိပ်နေတယ်။ အမေတို့ ငယ်ငယ်တုန်းက နေ့လယ်ဆိုရင် အိပ်ရတယ်။
အိပ်ရာထဲမှာ အိပ်နေတော့ မေမေ့မိတ်ဆွေကလာတာပေါ့၊ လာပြီး မနက်ဖြန်အစီအစဉ်အတွက် အမေ့ကိုဘယ်တော့လာခေါ်ရမလဲဆိုတော့ မေမေကပြောတယ် “မသွားတော့ဘူး၊ ဗိုလ်ချုပ်အောင်ဆန်း သမီးက ပြောတယ်၊ အဲဒါမမှန်ကန်ဘူးလို့ပြောတယ်” အဲဒါကတော့ မေမေပြောတဲ့အထဲမှာ သတိအရဆုံးပဲ။
အမေက စိတ်ကောက်နေလို့ အိပ်ချင်ယောင်ဆောင်နေတာဆိုပေမယ့် နောက်တော့ မေမေ့ မိတ်ဆွေက အိပ်ချင်ယောင်ဆောင်နေမှန်းသိတယ်။ အိပ်ချင်ယောင်ဆောင်နေမှန်း မျက်ခွံက လှုပ်နေတော့ သိတယ်။ မေမေက တမင်ပြောတာပေါ့။ အဲဒါတော့ ကောင်းကောင်း မှတ်မိတယ်။
မေး။ ။ နိုင်ငံခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ အာဇာနည်ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးတစ်ယောက်အဖြစ် အဘွားဒေါ်ခင်ကြည်က အမေ့ကို ဘယ်လို ပြုစုပျိုးထောင်ခဲ့ရတယ်ဆိုတာကို မျှဝေပေးပါဦး။
ဖြေ။ ။ ခုနက ပြောသလို အဲဒီလိုဟာမျိုးပေါ့။ မေမေရဲ့ပြုစုပျိုးထောင်မှုကိုလည်း မီးမောင်းထိုးပြတဲ့ အနေနဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ မိဘတွေကဆိုရင် လူကြီးပြောတာကို စောဒက တက်ရသလား၊ လူကြီးကို ဒီလိုမေးခွန်းထုတ်ရသလားပေါ့။ သွားဆိုရင်သွား၊ မသွားနဲ့ဆိုရင် မသွားနဲ့၊ မဟုတ်ဘဲနဲ့ ဒါသွားလို့မဖြစ်ဘူး၊ ဒါသွားတာမမှန်ဘူး၊ မသွားသင့်ဘူးဆိုတာကို မေမေက လက်ခံတာကို အမေက အများကြီးတန်ဖိုးထားတယ်။
မှတ်မိတယ်ဆိုတာ မေမေ့အကြောင်း၊ ဖေဖေ့အကြောင်းရယ် မဟုတ်ဘူး။ မိဘနှစ်ပါးစလုံးနဲ့ပတ်သက်လို့ မှတ်သားစရာလို့ စိတ်ထဲမှာယူဆပါတယ်။ မေမေက ဖြောင့်မတ်တယ်၊ တည်ကြည်တယ်၊ အင်မတန်မှ စည်းကမ်းကြီးတယ်။ တချို့မိတ်ဆွေတွေက ပြောပါတယ်။ မေမေက ဖေဖေထက်ကို စည်းကမ်းကြီးတယ်လို့ ပြောပါတယ်။
မေး။ ။ နိုင်ငံ့အတွက် ဆောင်ရွက်တာတွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမေစုတို့ရဲ့ကြားက တူညီမှု၊ ယုံကြည်မှုတွေက ဘာတွေလို့ အမေသုံးသပ်မိပါသလဲ၊ ကွဲပြားမှုတွေ ရှိပါသလားရှင့်။
ဖြေ။ ။ အဲဒါ ကိုယ်တိုင်ပြောဖို့ အင်မတန်မှ ခက်ခဲပါတယ်။ အပြင်ကလူတွေသုံးသပ်တာ ပိုပြီးတော့ ဓမ္မဓိဋ္ဌာန် ကျလိမ့်မယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း အမှန်အတိုင်း မြင်ဖို့ဆိုတာ လွယ်တာ မဟုတ်ပါဘူး။
ဖေဖေတို့ အသက်ရှင်ခဲ့တဲ့ အခြေအနေ၊ ဖေဖေတို့ဖြတ်သန်း ခဲ့ရတဲ့ အတွေ့အကြုံအရ အမေတို့ အတွေ့အကြုံတွေနဲ့ မတူဘူး။ မတူဘူးဆိုတော့ နှိုင်းယှဉ်တယ် ဆိုတာတော့ သိပ်မလွယ်ပါဘူး။ အခက်အခဲတွေကတော့ များတာပေါ့။ ဖေဖေတို့လည်း အခက်အခဲတွေ အများကြီးရင်ဆိုင်ခဲ့တယ်။
အမေတို့လည်း အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ ဦးတည်ချက်က နိုင်ငံကောင်းဖို့၊ တည်ငြိမ်ဖို့၊ တိုးတက်ဖို့၊ ညီညွတ်ဖို့ ဦးတည်ချက်တွေကတော့ တူညီတယ်လို့ အမေ့အနေနဲ့ ယူဆတယ်။ ဦးတည်ချက်တွေကို ရင်ဆိုင်တဲ့နေရာမှာ ဒီဦးတည်ချက်တွေနဲ့ ပတ်သက်နေတဲ့အလုပ်တွေကို ကိုင်တွယ်တဲ့နေရာမှာတော့ အလုပ်တွေကလည်း မတူဘူးဆိုတော့ ဘယ်လောက်တူတယ်၊ မတူဘူးဆိုတာ ဆုံးဖြတ်ဖို့ခက်ပါတယ်။
မေး။ ။ ဗိုလ်ချုပ်ရဲ့ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွေထဲက အထူးခြားဆုံးနဲ့ အအောင်မြင်ဆုံးလို့ ခံယူမိတဲ့ အရာက ဘာဖြစ်မလဲဆိုတာကို သိချင်ပါတယ်ရှင့်။
ဖြေ။ ။ အခြေအနေက တစ်ခုတည်းရယ်လို့ မဟုတ်ပါဘူး။ သမိုင်းတစ်လျှောက်မှာ ထူးခြားတဲ့ အခြေအနေ တစ်ခုဆိုတာ ပြောရခက်ပါတယ်။ တချို့ကိစ္စတွေမှာ ဥပမာ ကမ္ဘာ့သမိုင်းမှာဆိုရင် အင်မတန်မှထူးခြားတဲ့ စစ်ပွဲကြီးတွေရှိတာတော့ ရှိမှာပေါ့။ သမိုင်းဆိုတာ အစဉ်အဆက်တစ်ခုပါပဲ။
တစ်နေ့တည်းနဲ့ဖြစ်တာလည်း မဟုတ်ဘူး။ တစ်နှစ်တည်းနဲ့ ဖြစ်တာလည်းမဟုတ်ဘူး။ တစ်ခုကို ကြည့်ပြီးပြောဖို့ဆိုတာတော့ မလွယ်ပါဘူး၊ သို့သော်ငြားလည်း ဖေဖေရဲ့ ဦးတည်ချက်ဖြစ်တဲ့ လွတ်လပ်ရေးရဖို့အတွက် ညှိနှိုင်းဆွေးနွေးတဲ့ဟာ အောင်မြင်ခြင်းဆိုတာ ဒါကတော့ ထင်ထင်ပေါ်ပေါ် ရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။
မေး။ ။ ဒီအာဇာနည်နေ့မှာ အမေ ဂါရဝပြုတဲ့အခါငယ်စဉ်က တက်ရောက်ပြီး ဂါရဝပြုခဲ့တာနဲ့ အခုဆိုရင် နိုင်ငံ့အကြီးအကဲတစ်ယောက်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ တက်ရောက်ပြီး ဂါရဝပြုတာ အဲဒီကြားထဲမှာ ခြားနားတဲ့ ခံစားမှုမျိုးများရှိသလား၊ ထူးခြားတဲ့ခံစားချက်များရှိလားဆိုတာ ပြောပြပေးပါဦးရှင်။
ဖြေ။ ။ အခုလည်းအမေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သွားပြီးတော့ ဂါရဝပြုတာ မဟုတ်ပါဘူး။ မိသားစုတွေနဲ့အတူတူပဲ။ သမီးအနေနဲ့ဂါရဝပြုတာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတာ ဒီရာထူးကို ကိုင်ထားတဲ့အချိန်မှာပဲ ဖြစ်တာပါ။ ဖေဖေ့သမီးဆိုတာကတော့ ဒါတစ်သက်။ အခုလည်း ဖေဖေ့ကို ဂါရဝပြုတယ်ဆိုတာ မိသားစုအနေနဲ့၊ ဖေဖေ့သမီး တစ်ယောက်အနေနဲ့ပဲ သွားတာပါ။ အဲဒီတော့ ဘာမှမထူးခြားပါဘူး။
မေး။ ။ အာဇာနည်နေ့ ဂုဏ်ပြုကဗျာတွေထဲမှာ ဆရာဇော်ဂျီ (၁၉၆၄) ခုနှစ်က ရေးဖွဲ့ခဲ့တဲ့ “ပြောလိုက်ပါဘိ ဟောပါဘိ”ဆိုတဲ့ ကဗျာကို အမေအကြိုက်နှစ်သက်ဆုံး ဖြစ်တယ်လို့ မှတ်သားဖူး ပါတယ်။ ကဗျာရဲ့ ဆိုလိုရင်းအပေါ် ခံစားမှုကို သိပါရစေရှင်။
ဖြေ။ ။ ကဗျာက လွမ်းတာတင်မဟုတ်ဘူး။ သင်ခန်းစာယူဖို့ ဘယ်လို အဖြစ်အပျက်မျိုးမဆို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်ခန်းစာကောင်းကောင်းယူချင်ရင် ယူလို့ရတယ်ဆိုတာ ဒီကဗျာက ပြတာပါ။ ဆရာဇော်ဂျီကလည်း အင်မတန်မှ ကဗျာပညာက ပြောင်မြောက်ပါတယ်။
ဖတ်လို့လည်း ကောင်းတယ်။ စကားလုံးလေးတွေ ရွေးထားတာကလည်း လှတယ်။ သင့်တော်တယ်။ နောက်ပြီးတော့ အလကား သက်သက် လွမ်းနေတာမဟုတ်ဘူး။ ဒီဟာကို၊ ဒီအဖြစ်အပျက်ကို အခြေခံပြီးတော့ နောင်လာနောက်သားတွေ ပိုပြီးတော့ မှန်ကန်တဲ့စိတ်ဓာတ်၊ ပိုပြီးတော့ မြင့်မားတဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ပြီးတော့ ရေးတာမို့ သဘောကျတာပါ။
မေး။ ။ အခု နိဂုံးချုပ်အနေနဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် အာဇာနည်နေ့အမှတ်တရ ဩဝါဒ စကားလေး ပြောကြားပေးပါဦးရှင့်။
ဖြေ။ ။ အဲဒါကတော့ အမေ ခဏခဏပြောတဲ့ကိစ္စပါ။ ကိုယ်ကောင်းတာလုပ်တယ်ဆိုရင် ဒါဟာ ကိုယ့်အတွက် အကောင်းဆုံးပဲဖြစ်မှာပဲ။ အထူးသဖြင့် မိဘတွေကိုဆိုရင် အမေအမြဲပဲပြောတယ်။ ကိုယ့်သားသမီးတွေကို ကောင်းတဲ့အမွေအနှစ် ပေးချင်တယ်ဆိုရင် ကိုယ်မှန်မှန်ကန်ကန် ကောင်းကောင်း မွန်မွန် နေသွားမယ်။ အဲဒါဟာ အကောင်းဆုံးအမွေအနှစ်ပဲ။ ပိုက်ဆံဆိုတာက ဘယ်လောက် ထားပေးခဲ့နိုင်မလဲ။
နောက်ပြီးတော့လည်း ကိုယ်ထားပေးခဲ့တဲ့ ပိုက်ဆံကလည်း နေ့ချင်းညချင်းပျောက်ရင်လည်း ပျောက်သွားမှာပဲ။ ကိုယ်ဘာမှမသိနိုင်ဘူး။ အကောင်းဆုံး အမွေအနှစ် ဆိုတာကတော့ မှန်မှန်ကန်ကန် မြင့်မြင့်မြတ်မြတ်နေသွားဖို့ပဲ။ လူငယ်တွေဆိုတာကတော့ အခွင့်အရေးတွေ အများကြီးရှိတယ်။
ကိုယ့်ကိုယ်ကိုယ် တစ်နေ့တစ်ချိန်တစ်ခါမှာ ကောင်းမွန်တဲ့၊ မြင့်မြတ်တဲ့၊ အများကို အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်။ ကြိုးစားနိုင်တဲ့ အခွင့်အရေးတွေ၊ အချိန်တွေအများကြီးရှိတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီအခွင့်အရေးတွေက နည်းနည်းသွားတယ်။
အဲဒီတော့ လူငယ်တွေကို ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ အင်မတန်မှ တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိအောင်သုံးပါ။ တန်ဖိုးရှိအောင်သုံးရင် အခု အာဇာနည်ခေါင်းဆောင်ကြီးတွေကို ပြည်သူလူထုက သတိရနေတာ၊ တမ်းတနေတာတွေ အဲဒါတွေကို အားကျနေတာမဟုတ်ဘဲနဲ့ ဒီလိုတမ်းတခြင်း၊ သတိရခြင်းဖြစ်စေတဲ့ မှန်ကန်တဲ့စိတ်ဓာတ်တွေကိုသာ အားကျတာဖြစ်ရမယ်။
တချို့ကဆိုရင် ထင်ပေါ်ကျော်စောချင်တာပေါ့။ အာဇာနည်ကြီးတွေလို ဖြစ်ချင်တယ်ဆိုတာ အာဇာနည်ကြီးတွေလို ကျော်ကြားချင်တာ၊ ထင်ပေါ်ချင်တာ။ အာဇာနည်ကြီးတွေလို ရုန်းကန်ချင်တာက အခက်အခဲတွေကို ရင်ဆိုင်ချင်တာမဟုတ်ဘူး။
အဲဒါကြောင့် မှန်မှန်ကန်ကန် သုံးသပ်ဖို့၊ မှန်မှန်ကန်ကန် သင်ခန်းစာယူဖို့ ကတော့ အရေးကြီးဆုံးပါ။ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာပါ။ ဘယ်လိုသင်ခန်းစာ ယူမလဲ၊ ဘယ်လို သုံးသပ်မလဲဆိုတာ အမေ့အနေနဲ့ လူတိုင်း ဒီလိုစဉ်းစားရမယ်၊ ဒီလိုစိတ်ထားရမယ်လို့ ပြောလို့ကတော့ မဖြစ်နိုင်ပါဘူး။
မေး။ ။ နောက်ဆုံးအနေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ နေရာတိုင်းမှာလုပ်နေတာ အဲဒီအပေါ်မှာ အမေ့ရဲ့ ကျေနပ်မှု ဘယ်လောက်အတိုင်းအတာထိရှိသလဲဆိုတာ ပြောပြပေးစေလိုပါတယ်။
ဖြေ။ ။ ကျေနပ်ပါတယ်။ ဒါပေမယ့် တစ်ဝိုင်းနဲ့တစ်ဝိုင်းတော့မတူဘူး။ တချို့ဝိုင်းတွေမှာဆိုရင် ဒီဝိုင်းထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေက မေးတဲ့မေးခွန်းတွေက စိတ်ဝင်စားစရာ ကောင်းတယ်။ အဖြေတွေ ကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ဒါပေမယ့် နားထောင်တဲ့သူတွေကို ပိုပြီးတော့ သဘောကျတယ်။
တချို့တွေက သူများပြောတာ နားမထောင်ဘူး။ လာကတည်းက ဘာမေးခွန်း မေးမယ် ဆိုတာ ဆုံးဖြတ်ထားပြီးသား။ တခြားသူတွေက မေးတာရော၊ သူတို့ ပြန်ပြီးဖြေတာရော ကောင်းကောင်း နားမထောင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေးခွန်းက ထပ်နေတယ်။ ထပ်တယ်ဆိုတာ သူတို့ကောင်းကောင်း နားမထောင်လို့ဆိုတာ သိသာတယ်။
တချို့ကျတော့ တကယ်ကို သိချင်တယ်။ ဟိုတစ်ယောက်က ဘာပြောမလဲ သေသေချာချာနားထောင်တယ်။ သေသေချာချာ စဉ်းစားတယ်။ အဲဒီလို ဆွေးနွေးတဲ့သူတွေပါလာရင်တော့ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ ပိုပြီးတော့လည်း ကျေနပ်စရာကောင်းတယ်။
ကျေးလက်တွေက ပိုပြီး ပွင့်ပွင့်လင်းလင်းရှိတယ်။ ပြင်ဆင်ထားတာတွေ နည်းတယ်။ သဘာဝကျတယ်။ ကျေးလက်က ပိုပြီးသာတယ်လို့ မပြောချင်ပါဘူး။ ပိုပြီးတော့ ပွင့်လင်းတယ်။ ပိုပြီး သဘာဝကျတယ်။
Share