ဒီနေ့ခေတ်မှာ အလုပ်တွင်ကျယ်ပြီးမြောက်ဖို့ဆိုတာ လူတိုင်းအလေးထားတဲ့အရာတစ်ခုဖြစ်လို့လာပါပြီ။ အလုပ်ချိန်တွေအများကြီးအလုပ်စားပွဲရှေ့မှာ တကုပ်ကုပ်နဲ့လုပ်နေတာမျိုးထက် အလုပ်ကိုဘယ်လောက်ထိ ထိထိရောက်ရောက်ပြီးမြောက်အောင်လုပ်နိုင်သလဲဆိုတာကိုပဲ ပိုပြီးအလေးထားလာကြတာပါ။ ဒါကြောင့်ပဲ အလုပ်တွင်ကျယ်ပြီးမြောက်မှုနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်ဆောင်းပါးတွေ၊ စာအုပ်တွေလည်း ဒီဘက်နှစ်တွေထဲ အများကြီးထွက်ပေါ်လို့လာပါတယ်။ လူတွေကတစ်ယောက်နဲ့တစ်ယောက် မတူညီကြတဲ့အတွက် အလုပ်တွင်ကျယ်ပြီးမြောက်စေတဲ့နည်းလမ်းတွေကလည်း ကွဲပြားနေနိုင်ပါတယ်။ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာသုတေသန လေ့လာချက်တွေအရ လူအားလုံးနဲ့ကိုက်ညီမယ့် အကြံပြုချက် ၅ ချက်ကို စွန့်ဦးတီထွင်သူနဲ့ အောင်မြင်တဲ့စာရေးဆရာ တစ်ယောက်ဖြစ်သူ အန်ဒီဂစ်ဘ်ဆင်က Chivas Regal မှာအခုလိုပဲ ပြောပြထားပါတယ်။
(၁) စိတ်အားတက်ကြွမှုကို ရှာဖွေပါ။
ဘယ်လောက်ပဲ အသိဉာဏ်ကြွယ်ဝပြီး ထက်မြက်တဲ့လူပဲဖြစ်ဖြစ် အလုပ်တစ်ခုကိုစိတ်နှစ်ပြီးမလုပ်နိုင်ဘူးဆိုရင် အောင်မြင်နိုင်ချေအရမ်းနည်းပါတယ်။ ကိုယ်စိတ်မပါတဲ့အလုပ်ထဲကိုစိတ်နှစ်ထားဖို့ဆိုရင် စွမ်းအင်တွေအများကြီးသုံးရမှာပါ။ အလုပ်ထဲမှာစိတ်နှစ်ထားနိုင်ဖို့ အဲဒီလိုစွမ်းအင်တွေအများကြီးသုံးလိုက်ရရင် အလုပ်အောင်မြင်ပြီးမြောက်မှုပိုင်းမှာ လျော့ကျသွားမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်တိုင် စိတ်ဝင်စားပြီး၊ တက်တက်ကြွကြွနဲ့လုပ်ကိုင်ချင်တဲ့အလုပ်မျိုးဆိုရင် တော့ အလုပ်ထဲမှာစိတ်နှစ်ထားဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားတွေအရမ်းပေးနေစရာမလိုဘဲ စွမ်းအင်တွေလည်းသုံးစွဲစရာ မလိုတော့တာကြောင့် အဲဒီစွမ်းအင်တွေကိုအလုပ်အောင်မြင်ပြီးမြောက်စေဖို့ အသုံးချနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က ဘယ်လိုအလုပ်မျိုးမှာစိတ်ပါဝင်စားပြီး တက်တက်ကြွကြွလုပ်ကိုင်ချင်သလဲဆိုတာသိအောင်ရှာဖွေထားဖို့ လိုပါတယ်။
(၂) အာရုံစူးစိုက်နိုင်ဖို့ သင်ယူပါ
ဒီနေ့ခေတ် လုပ်ငန်းခွင်တွေဟာ အလုပ်ထဲမှာအာရုံစူးစိုက်ထားနိုင်ဖို့ပိုပြီးခက်ခဲလာတာအမှန်ပါပဲ။ များပြားလွန်းတဲ့ သတင်းအချက်အလက်တွေ၊ စမတ်ဖုန်းတွေ၊ လူမှုကွန်ယက်တွေကနေတစ်ဆင့်အာရုံစူးစိုက်မှုပျက်စေနိုင်တဲ့ အနှောက်အယှက်မျိုးစုံက ပုံစံအမျိုးမျိုးနဲ့ဝင်ရောက်လို့လာနေပါတယ်။ တစ်စုံတစ်ခုကိုအာရုံစူးစိုက်ထားတာနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင် အသံ၊မြင်ကွင်း၊ လှုပ်ရှားမှု ဒါမှမဟုတ်ရင်လည်း ရုတ်တရက်သတိရလာတဲ့တစ်ခုခုအပေါ် အာရုံစိုက်မိသွားတာတို့ဟာ ဦးနှောက်ရဲ့မတူညီတဲ့စနစ်နှစ်ခုဖြစ်တယ်လို့ စိတ်ပညာရှင်တွေကပြောထားတာကြောင့် အနှောက်အယှက်များတဲ့ပတ်ဝန်းကျင်မှာ အာရုံတစ်ခုတည်းပေါ်မှာစူးစိုက်ထားနိုင်ဖို့လည်း ခက်ခဲမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ သင့်ရဲ့အာရုံစူးစိုက်မှုကအားကောင်းရင် တော်ရုံတန်ရုံအနှောက်အယှက်ဝင်ရုံနဲ့ အာရုံစူးစိုက်မှုပျက် သွားမှာမဟုတ်တော့ပါဘူး။ အာရုံစူးစိုက်မှုအားကောင်းရင် အလုပ်တွင်ကျယ်ပြီးမြောက်မှုမြင့်မားမှာလည်း သေချာပါတယ်။ ဒါကြောင့် အာရုံစူးစိုက်မှုအားကောင်းနေအောင်၊ လက်ရှိလုပ်နေတဲ့အလုပ်အပေါ်မှာပဲ အာရုံအပြည့်အဝစိုက်ထားနိုင်အောင် လေ့ကျင့်ထားရမှာပဲ ဖြစ်ပါတယ်။
(၃) အချိန်ကို မစီမံပါနဲ့ စွမ်းအင်ကိုစီမံပါ၊
အချိန်ကိုစီမံတာဘယ်လောက်ပဲတော်တော် သင့်ရဲ့စိတ်ကပင်ပန်းလာတာနဲ့ အာရုံစူးစိုက်မှုလည်းလျော့ကျပြီး အလုပ်ပြီးမြောက်မှုလည်းကျဆင်းသွားမှာပဲ ဖြစ်ပါတယ်။ အချိန်စီမံခန့်ခွဲမှုနည်းလမ်းတွေဟာ အချိန်ကိုပဲစီမံလို့ရပေမယ့် သင့်ရဲ့ စိတ်ကအချိန်တိုင်းမှာတစ်သမတ်တည်းရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အချိန်ကိုစီမံမယ့်အစားသင့်ရဲ့ စိတ်နဲ့ စွမ်းအင်ကို စီမံခန့်ခွဲရပါမယ်။ ဘယ်လိုစီမံရမလဲဆိုတော့ စိတ်ပညာသီအိုရီတစ်ခုဖြစ်တဲ့ စီလျော်မှုသီအိုရီကိုသုံးပြီး စီမံနိုင်ပါတယ်။ သိပ်ခက်ခက်ခဲခဲမဟုတ်ပါဘူး။ သင့်ရဲ့စိတ်က တက်ကြွပြီးထက်မြက်နေတဲ့အချိန်မှာ လေးလေးနက်နက်စဉ်းစားဖို့လိုတဲ့အလုပ်တွေ၊ အာရုံစူးစိုက်ဖို့လိုတဲ့အလုပ်တွေကို အဓိကထားလုပ်ကိုင်ဖို့ဖြစ်ပြီး သင့်ရဲ့ စိတ်ကပျင်းရိနေတဲ့အချိန်၊ ပင်ပန်းနေတဲ့အချိန်တွေမှာတော့ သိပ်အာရုံစိုက်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ လုပ်နိုင်တဲ့ အလုပ်မျိုးတွေ၊ သင်အမြဲလုပ်နေကျဖြစ်တဲ့အတွက် ကျွမ်းကျင်နေတဲ့အလုပ်မျိုးတွေကို လုပ်ဖို့ပါပဲ။
(၄) ငြင်းပါ
စိတ်ဖိစီးမှုတွေရဲ့ အဓိကဇစ်မြစ်ကြီးတစ်ခုကတော့ အလုပ်တာဝန်တွေကများနေပြီး အချိန်ကနည်းနည်းပဲ ရှိတာပါ။ ဒါကြောင့် အလုပ်တစ်ခုကိုလက်ခံပြီးလုပ်ပေးမယ်လို့ ခေါင်းမငြိမ့်ခင်မှာ ကိုယ့်လက်ထဲမှာရှိနေတဲ့အလုပ်တွေကို သေချာစိစစ်ဖို့လိုပြီး လိုအပ်ရင် ငြင်းနိုင်ဖို့လည်း လိုပါလိ့မ်မယ်။ အလုပ်တာဝန်တစ်ခုအခိုင်းခံရပြီဆိုတာနဲ့ အဲဒီအလုပ်လုပ်ဖို့ လိုအပ်တဲ့အချိန်နဲ့ သုံးရမယ့်စွမ်းအင်၊ လက်ရှိရှိနေတဲ့အလုပ်တွေပြီးပြတ်မယ့်အချိန်၊ နောက်ဆုံးပြီးရမယ့်ရက်တွေကို သေချာတွက်ချက်တဲ့အလေ့အကျင့်မျိုးရှိအောင် လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ အားနာတတ်တဲ့အကျင့်ကြောင့် အလုပ်တာဝန်တစ်ခုလာပေးရင် အလိုလိုခေါင်းငြိမ့်တတ်တဲ့အကျင့်ကို ပြင်ရမှာလည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့လူတွေနဲ့ မအောင်မြင်တဲ့လူတွေကြားက အဓိကကွာခြားချက်တွေထဲမှာ ကိုယ်မလုပ်နိုင်၊ မတတ်နိုင်တဲ့အလုပ်တွေကို ငြင်းပယ်နိုင်စွမ်း ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် ငြင်းပါ။
(၅) အလေ့အကျင့်ကောင်းတွေမွေးမြူပါ
နေ့စဉ်လုပ်ဆောင်နေကျအလုပ်တွေကို ဦးနှောက်ကမှတ်သားထားပြီး မသိစိတ်ကအလိုအလျောက်လုပ်ဆောင် ပေးသွားနိုင်စွမ်းရှိပါတယ်။ ဥပမာ အစားအစာတစ်ခုခုစားတဲ့အခါ ပါးစပ်နဲ့လက် အချိန်ကိုက်ဖြစ်နေဖို့ အားထုတ်စရာ မလိုပါဘူး။ ဦးနှောက်က ဘယ်လိုကိစ္စမျိုးတွေကိုပဲမှတ်သားထားမယ်လို့ ကန့်သတ်ထားတာမျိုးမရှိတဲ့အတွက် သင့်ရဲ့အလုပ်တွေကိုလည်း ဦးနှောက်ကမှတ်မိပြီး အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းရှိလာအောင် လေ့ကျင့်ပျိုးထောင်လို့ ရပါတယ်။ ဒီလိုလုပ်နိုင်စွမ်းရှိလာတာနဲ့အမျှ အလုပ်လုပ်တဲ့နေရာမှာ အာရုံစူးစိုက်ရလို့ ပင်ပန်းနွမ်းနယ်ရတာတွေကို လျှော့ချလာနိုင်ပြီး အလုပ်တွင်ကျယ်ပြီးမြောက်မှုလည်း မြင့်တက်လာမှာပါ။
အခုပြောပြခဲ့တဲ့နည်းလမ်းတွေကို ရှင်းပြရတာလွယ်ပေမယ့် လက်တွေ့လုပ်ဆောင်ရတာကတော့ ထင်သလောက်လွယ်မှာ မဟုတ်ပါဘူး။ဒါကြောင့် သင့်ရဲ့အလုပ်ပြီးမြောက်မှုစွမ်းဆောင်ရည်ကို နေ့ချင်းညချင်းမြင့်တက်လာဖို့ မျှော်လင့်ထားလို့တော့ မရပါဘူး။ ဒါပေမဲ့ ဒီအကြံပြုချက်၊နည်းလမ်းတွေအတိုင်း ကြိုးစားလုပ်ဆောင်သွားမယ်ဆိုရင်တော့ သင့်ရဲ့အလုပ်ပြီးမြောက်မှုက တစ်နေ့ထက်တစ်နေ့တိုးတက်လာတာကိုမြင့်တွေ့ရမှာပါ။
ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။
စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.chivas.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင် ပါတယ်။
Share