လူသတ်မှုမှာ ကျူးလွန်သူ ၄ ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တွံတေး - လှိုင်သာယာ ကားလမ်းဘေးမှာ ဖြစ်ပွားခဲ့တဲ့ ကျပ်သိန်း ၁၅၀ ပေး၊ လူမိုက်ငှားပြီးသတ်ခိုင်းတဲ့ လူသတ်မှုမှာ ကျူးလွန်သူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။

Photo - Yangon Police

 

ဖြစ်စဉ်ကတော့  ဇူလိုင် ၁၇ ရက်မှာ တွံတေးမြို့နယ် အထက်တမာတကော ကျေးရွာအနီး လှိုင်သာယာ-တွံတေးကားလမ်းမပေါ်မှာ ဦးခင်မောင်ထွေးဆိုသူမှာ ကားပေါ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရတာကြောင့် တရားလိုဦးစန်းဝင်းမှ ခလောက်ချိုက်နယ်မြေရဲစခန်းကို တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ စုံစမ်းချက်အရ သေဆုံးသူ ဦးခင်မောင်ထွေးက လယ်ယာမြေတွေ အပေါင်ခံတာ၊ ဝယ်ယူတာ၊ သီးစားချထားတာစတဲ့လုပ်ငန်းတွေမှာ မောင်မောင်အေး(ခ)မောင်အေးက ပွဲစားအဖြစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပျိုတိုး(ခ)မျိုးလွင်နဲ့အတူ လယ်ယာမြေတွေ ရောင်းဝယ်ရာမှာ ဦးခင်မောင်ထွေးဆီကနေ ငွေတွေပိုယူထားပြီး လယ်မြေအတိုးတွေကိုလည်း မပေးခြင်း၊ လယ်ပိုင်ရှင်တွေဆီကနေ ပုံစံ (၇)တွေယူပြီး  ပေါင်နှံထားရာက ပြန်မရွေးနိုင်တော့တာကြောင့်  ဦးခင်မောင်ထွေးကို လုပ်ကြံသတ်ဖြတ်ဖို့  ပျိုတိုး(ခ)မျိုးလွင်နှင့် တိုင်ပင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဦးခင်မောင်ထွေးကို လုပ်ကြံသတ်ဖြတ်ဖို့  ကြည့်မြင်တိုင်မြို့နယ်၊ စက္ကလေးရပ်ကွက်၊ စက်ဆန်းအုပ်စုနေ အောင်အောင်(ခ)ဘကြီးအောင်ရဲ့  အဆက်အသွယ်နဲ့ တိုးအောင်(ခ)အသေးလေးကို သိန်း(၁၅၀)နဲ့ ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက် မနက်မှာ ဦးခင်မောင်ထွေးက အပေါင်ခံလယ်မြေတွေကို အမည်ပေါက်ပြောင်းလဲပေးဖို့ လာခဲ့မယ်လို့ သိရတာကြောင့်  မောင်မောင်အေး (ခ) မောင်အေး၊ ပျိုတိုး (ခ) မျိုးလွင်နဲ့ တိုးအောင် (ခ) အသေးလေးတို့မှာ တွံတေး-လှိုင်သာယာလမ်းမကြီး၊ အထက်တမာတကောကျေးရွာအနီး တိုးဂိတ်မှာ စောင့်ဆိုင်းနေရာ ဦးခင်မောင်ထွေး ရောက်လာပြီး တိုးအောင် (ခ) အသေးလေးကို မြေစာရင်းဝန်ထမ်းလို့ ပြောဆိုပြီး ကားပေါ်လိုက်လာကာ ၁၆ မိုင် ၅ ဖာလုံအရောက်မှာ တိုးအောင် (ခ) အသေးလေးက ဓားနဲ့ ထိုးသတ်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ရာမှာပါဝင်တဲ့ပျိုတိုး(ခ)မျိုးလွင်၊ အောင်အောင်(ခ)ဘကြီးအောင်နဲ့ တိုးအောင်(ခ)အသေးလေးတို့ကိုလည်းဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

“တရားခံလေးယောက်ကို ဖမ်းဆီးပြီးတော့ ဒီနေ့ ရမန်ယူထားပါတယ်” ခလောက်ချိုက်နယ်မြေရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

ပြစ်မှုကျးလွန်မှုမှာ ပါဝင်တဲ့ အောင်အောင် (ခ) ဘကြီးအောင်နဲ့ တရားခံ တိုးအောင် (ခ) အသေးလေးမှာ ခိုးမှု၊လုယက်မှုတွေနဲ့ ထောင်နှစ်ရှည် ကျခံခဲ့ဖူးသူတွေ ဖြစ်တယ်လို့  ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

Share

Loading Next Article...
က္က