အိန္ဒိယဈေးကွက်မှာ မကြာခင်မိတ်ဆက်သွားမယ့် OPPO F9 Pro ကတော့ ငါးမိနစ် အားသွင်းတာနဲ့၂ နာရီအထိ ဖုန်းပြောနိုင်မယ့် အားသွင်းစနစ် ပါဝင်လာတော့မှာပါ။
OPPO ရဲ့ အိန္ဒိယဝက်ဘ်ဆိုက်မှာ တက်လာတဲ့ ပုံအရ ဒီဖုန်းဟာ Essential Phone နဲ့ဆင်တဲ့ notch အဝိုင်းအသေးတစ်ခု သုံးထားတာ တွေ့ရပါတယ်။ display ရဲ့ အောက်ခြေမှာ ဘောင်သေးသေးတစ်ခု ပါလာမှာ ဖြစ်ပြီး screen အရွယ်အစားနဲ့သုံးထားမယ့် processor တော့ မသိရသေးပါဘူး။
မှန်ကိုယ်ထည်နဲ့လာမယ့် ဒီဖုန်းဟာ ကျောဘက်မှာ အနီရောင်ကနေ ခရမ်းရောင်ပြေးတဲ့ diamond-shape အကွက်ဖော်ထားပြီး LED flash နဲ့ အတူ အလျားလိုက် dual cameras ပါရှိမှာပါ။ အောက်ခြေမှာ Type C ပေါက်ပါဝင်မှာဖြစ်ပြီး OPPO ရဲ့ အဆင့်မြင့် အားသွင်းစနစ်ဖြစ်တဲ့ VOOC charging သွင်းနိုင်မှာဖြစ်ပါတယ်။
OPPO ဟာ F series အပါအဝင် upper mid-range ဖြစ်တဲ့ R series တစ်ချို့မှာပဲ VOOC charging သုံးထားတာပါ။ နောက်ဆုံးထွက်ထားတဲ့ OPPO Find X မှာလည်း VOOC Charging သုံးထားပြီး Lamborghini Edition မှာသာ ၃၅ မိနစ်နဲ့အားအပြည့်သွင်းနိုင်မယ့် Super VOOC charging ကို သုံးသွားတာ ဖြစ်ပါတယ်။
VOOC charging ဟာ 20W ထွက်ပြီး နာရီဝက်အတွင်း ဖုန်းကို အား ၅၀% သွင်းနိုင်မယ့် ဘက်ထရီနည်းပညာပါ။ notch ဒီဇိုင်းအဆန်းနဲ့VOOC charging ကလွဲရင် ဒီဖုန်းကြော်ငြာတွေမှာ ထူးခြားတာတော့ မတွေ့ရသေးပါဘူး။ သေချာတာကတော့ selfie နဲ့နာမည်ကြီးတဲ့ OPPO F series ဖြစ်လို့ဒီဖုန်းဟာလည်း ဆယ်လ်ဖီကင်မရာပိုင်းမှာ ထူးခြားမှု ရှိမှာပါ။
Photo: Gadgets To Use
အခုထိတော့ OPPO F9 နဲ့F9 Pro ကို မိတ်ဆက်မယ့် ရက် မသိရသေးပါဘူး။