ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်နေတဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေက သူမကို မင်းသမီးတစ်ယောက်လို မမြင်ပဲ ပရဟိတသမား တစ်ယောက်လို မြင်ပေးပါလို့ဆိုပါတယ်။ သူမကို လောဘကြီးတယ်ပဲ ပြောပြော ပရဟိတအလုပ်တွေကို ဒီထက်ပိုပြီး ဆက်လုပ်သွားချင် သေးတယ် လို့လည်း ပြောထားပါသေးတယ်။
ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေက လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် သူမဘက်က တက်နိုင်သလောက် ပါဝင်ကူညီပေး လျက်ရှိ ပါတယ်။ သူမရဲ့ ပရဟိတအဖွဲ့လေးနဲ့ ပရဟိတအလုပ်တွေကို မမောမပန်း လုပ်ကိုင်နေတဲ့ ခိုင်နှင်းဝေက သူမကို မင်းသမီးလို့ မမြင်ပဲ ပရဟိတသမားလို့ မြင်ပေးပါလို့ ဆိုပါတယ်။
"ကင်မရာ မီးရောင်တွေအောက်ရောက်တဲ့အချိန်မှသာ ကျွန်မကို မင်းသမီးခိုင်နှင်းဝေ လို့ မြင်ပေးပါ ဒီအချိန်မှာ ကျွန်မ ပရဟိတသမား ခိုင်နှင်းဝေပါ" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
သူမရဲ့ မိသားစုမှာ ဘယ်လိုအခက်အခဲတွေ အဆင်မပြေတာတွေပဲ ရှိရှိ သူမရဲ့ အသင်းအတွက်နဲ့ ပရဟိတလုပ်ငန်းတွေအတွက် သူမတက်ကြွမှု ရှိနေမှာပါတဲ့။
"ကျွန်မ မိသားစုမှာ ဘယ်လိုအခက်အခဲတွေအဆင်မပြေတာတွေရှိရှိ ကျွန်မ ဘယ်လောက်ထိပင်ပန်းနေနေ ကျွန်မ ပရဟိတသမား တနည်း အားဖြင့် ကျွန်မ အသင်းလေးရဲ့ခေါင်းဆောင်နေရာက တာဝန်ယူထားတဲ့လူတယောက် ဖြစ်လို့ ကျွန်မ နဲ့တူတူပါလာတဲ့ ပရဟိတ ရဲဘော် တွေရှေ့မှာ ရောက်နေတဲ့နေရာအခက်အခဲတွေ ခရီးပင်ပန်းမှုတွေ ကြားမှာ ကျွန်မက စလို့ ပင်ပန်းပြလို့ရပါ့မလား။ ကျွန်မ တက်ကြွမှုရှိလေ ကျွန်မဘေးက ကလေးတွေ အားရှိလေပဲမဟုတ်လား" ဆိုပြီး သူမက ဆက်လက်ပြောထားတာ တွေ့ရပါတယ်။
ဒုက္ခဆင်းရဲခံစားနေရတဲ့ ပြည်သူတွေအတွက် သူမအားအင်တွေမကုန်ခမ်းသရွှေ့ ဆက်လက်ချီတက်နေဦးမှာပါလို့ဆိုပါတယ်။ သူမကို လောဘကြီးတယ်ပဲ ပြောပြော သူမအနေနဲ့ပရဟိတသမား တစ်ယောက်ဆက်ပြီး ဖြစ်ချင်မိသလို ထပ်ပြီးတော့လည်း ကြိုးစားချင်ပါ သေးတယ် ဆိုပြီး သူမက ပြောထားပါသေးတယ်။
ခိုင်နှင်းဝေတို့ ပရဟိတအသင်းဟာ ကရင်ပြည်နယ်ဘက်မှာ ရေကြီးနေတဲ့ ရွာတွေကို တစ်ရွာပြီး တစ်ရွာ သွားလှူနေတာတွေ့ရပါတယ်။
ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။