အဆိုတော်တွေ နေတဲ့ရွာ ဇာတ်ကားထဲမှာလည်း ရွှေမှုန်ရတီ့ ကို ဇေရဲထက်က အားရပါးရ ဖက်နမ်းခဲ့တဲ့ အကြောင်းတွေကို ရွှေမှုန်က အခုလို ပြန်ပြောခဲ့ပါတယ်။ ဇာတ်ကားထဲမှာလည်း အမြဲတမ်း ရန်ဖြစ်နေရတဲ့ သူတွေဖြစ်လို့ အမှတ်တရတွေ အများကြီး ရှိပါတယ်တဲ့။
ပရိသတ်အချစ်တော် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေမှုန်ရတီနဲ့ ဇေရဲထက်တို့ဟာ အရမ်းကို ပွင့်လင်းလှတဲ့ အနုပညာမောင်နှမတွေဖြစ်ပါတယ်။ သူတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုတော်တွေ နေတဲ့ရွာ ဇာတ်ကားထဲမှာလည်း ရွှေမှုန့် ကို အားရပါးရ ဖက်နမ်းခဲ့တဲ့ ဇေရဲထက်ရဲ့ အကြောင်း တွေကို Duwun Media ကနေ ရွှေမှုန်က ပြောပြခဲ့ပါတယ်။
'' သူကတော့ သဲကို မထင်ရင် မထင်သလိုပေါ့ ညီမလေး တစ်ယောက်လိုလည်း ချစ်တော့ ပါးနမ်းတဲ့ ကိစ္စက အများကြီးပဲ။ သဲ တို့ ကားတွေမှာ ကြည့်လိုက် တကယ် နမ်းကြတာချည်းပဲ။ သဲတို့ ရင်ထဲမှာ ရှင်းတယ်လေ သူလည်းဖြူ၊ ကိုယ်လည်း ဖြူ တဲ့အတွက် ဘာစိတ်မှ မရှိကြဘူး။ ချစ်လို့ နမ်းကြတာ။ အနမ်းဆိုတဲ့ အရာက ၁၅၀၀ မှ နမ်းရတာမဟုတ်ဘူး ၅၂၈ အနမ်း နဲ့လည်း နမ်းလို့ရတာပဲလေ'' လို့ ဆိုပါတယ်။
အဆိုတော်တွေ နေတဲ့ ရွာ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရွှေမှုန်ရတီက Punk ပုံစံကို သဘောကျတဲ့သူဖြစ်သလို၊ ဇေရဲထက်ကလည်း Rap ပုံစံကို သဘောကျတဲ့သူဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်တွေ ဖြစ်ပြီး အမြဲတမ်း ခဏခဏ ရန်ဖြစ်နေရတဲ့ ဇာတ်ဝင်ခန်း တွေအကြောင်း ရွှေမှုန်ရတီက ပြောပြခဲ့ပါသေးတယ်။
'' ဇေရဲထက် နဲ့ကလည်း ရန်တွေဖြစ်ရတာပေါ့နော်။ အပြင်မှာလည်း နဂိုကတည်းက မတည့်ဘူး၊ ဒီဇာတ်ကားထဲမှာလည်း မတည့်ဘူး နှစ်ယောက် စလုံးက ကာရိုက်တာနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး သိပ်လုပ်ယူစရာ မလိုဘူး'' ဆိုပြီးတော့ သြဂုတ်လ ၁၉ ရက်နေ့ မနက်က အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်အထူး ပြသပွဲက Duwun Media ကို ပြောပြခဲ့တာဖြစ်ပါတယ်။
ပါးစပ်မစိအောင် ရယ်နေရမယ့် ''အဆိုတော်တွေ နေတဲ့ရွာ''
ရွှေမှုန်ရတီဟာ Punk ပုံစံကိုနှစ်သက်ပေမယ့် အဖေနဲ့ အစ်မ ဖြစ်သူတို့က မြန်မာလိုသာ ဝတ်စားဆင်ယင်ရမှာဖြစ်လို့ မြန်မာဝတ်စုံဝတ်ပြီး Punk ပုံစံ စကားပြောရတဲ့ ပုံစံလေးတွေက ချစ်စရာကောင်းလှပါတယ်။ ပုံစံ နှစ်မျိုးကို ကွဲကွဲပြားပြားသရုပ်ဆောင်ထားတဲ့အတွက် ပရိသတ် ဆီက စကားသံတွေကိုလည်း ကြားချင်ပါသေးတယ်လို့ ပြောပါတယ်။
'' အဓိက ကတော့ ဒီဇာတ်ကားထဲမှာ မြန်မာလိုဝတ်တာနဲ့ Punk လိုဝတ်တာ နှစ်မျိုးပါတယ်။ မိဘတွေ သဘောမကျလို့ Punk ဆိုတာကို ခိုးဝတ် ရတယ်။ စပ်စလူးကာရိုက်တာလေး သိပ်ပိုင်တဲ့ ကာရိုက်တာလေးပေါ့။ ကာရိုက်တာ နှစ်ခုက ကွဲကွဲပြားပြားလေး ဖြစ်သွားလို့ ပရိသတ်တွေဆီ က ပြန်ကြားရတယ်ဆိုရင် သဲ အင်မတန်ဝမ်းသာပါတယ်'' လို့ ဆိုပါတယ်။
အဆိုတော်တွေ နေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၂၄ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံ တွေမှာရုံတင် ပြသ သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ရာဇဝင်ကို က ရိုက်ကူးပုံဖော်ထားတာပါ။ သရုပ်ဆောင် မြန်မာပြည်သိန်းတန်၊ တေးချစ်သူ၊ ဇေရဲထက်၊ ရွှေမှုန်ရတီ၊ မင်းမော်ကွန်း၊ မို့မို့မြင့်အောင် တို့က အဓိက ပါဝင်ထားပါတယ်။
Share