မန်ချက်စတာယူနိုက်တက် နဲ့ တော့တင်ဟမ်တို့ကတော့ တနင်္လာနေ့ညမှာ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် (၃)အဖြစ် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ နှစ်ဖက်အသင်းက ထိပ်တန်းကစားသမားတွေရဲ့ ပြိုင်ဆိုင်မှုတွေကို အိုးထရက်ဖို့ဒ်မှာ မြင်တွေ့ရမှာဖြစ်ပြီး ဘယ်အသင်းအနိုင်ရရှိသွားမလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးသွားနိုင်တဲ့ ကွင်းအတွင်းက ကစားသမားတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို အဓိကသော့ချက်တွေအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
၁။ ထရစ်ပီယာ နဲ့ အလက်ဆစ်ဆန်းချက်ဇ်
Photo : 90 min
ဆန်းချက်ဇ်အတွက်တော့ စပါးအသင်းနဲ့ တွေ့ဆုံမှုက စိမ်းကားခြင်းမျိုး မဟုတ်တော့ပါဘူး။ အာဆင်နယ်မှာ ကစားခဲ့စဉ်က ဆန်းချက်ဇ်ဟာ စပါးကို (၂)ဂိုးသွင်းယူခဲ့ဖူးပါတယ်။ ချီလီတောင်ပံကစားသမားဟာ ယူနိုက်တက်မှာ ကစားနေရင်းနဲ့လည်း ပိုချက်တီနိုရဲ့ စပါးအသင်းကို အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ တစ်ဂိုးသွင်းယူခဲ့ပါသေးတယ်။ အခြားတစ်ဖက်မှာတော့ ထရစ်ပီယာဟာ အကောင်းဆုံးအစွန် နောက်ခံလူတစ်ဦးအဖြစ် ပရီးမီးယားလိဂ်ဘောလုံးလောကကို ထိုးဖောက်လာနိုင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အလွတ်တည်ကန်ဘောတွေ၊ တိကျ သေသပ်တဲ့ ဖြတ်တင်ပေးပို့မှုတွေနဲ့ ခြေစွမ်းပြနေတဲ့ ထရစ်ပီယာဟာ ဆန်းချက်ဇ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပါ။ သူတို့နှစ်ဦးတွေ့ဆုံမှုမှာ အသာစီးဘယ်သူရရှိသွားပြီး အသင်းအတွက် အကျိုးပြုနိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။
နယူးကာဆယ်နဲ့ပွဲမှာ မယုံနိုင်စရာမှတ်တမ်း ပိုင်ဆိုင်ခဲ့တဲ့ ဂျော်ဂျင်ဟို
၂။ ဟယ်ရီကိန်း နဲ့ ဒီဂီယာ
Photo : 90 min
ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦး နဲ့ အကောင်းဆုံးဂိုးသမားတစ်ဦးတို့ ထိပ်တိုက်တွေ့ကြပါပြီ။ ပြီးခဲ့တဲ့ဘောလုံးရာသီက ပေးဂိုးမရှိပွဲ (၁၈)ပွဲ ပိုင်ဆိုင်ခဲ့တဲ့ ဒီဂီယာ နဲ့ ပရီးမီးယားလိဂ်မှာ (၃)နှစ်ဆက်တိုက် ဂိုးသွင်းထိပ်သီးတစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့ ဟယ်ရီကိန်းတို့ရဲ့တွေ့ဆုံမှုမှာ ဟယ်ရီကိန်းကပဲ ကျော်ဖြတ်နိုင်မှာလား၊ ဒီဂီယာကပဲ ဟန့်တားနိုင်မှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ၊ ဟယ်ရီကိန်းဟာ ဒီဂီယာရဲ့ ဂိုးပေါက်ဝကို ကျော်ဖြတ်ပြီး သွင်းဂိုးတစ်ကြိမ်သာ ရယူဖူးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၄၁ပွဲမှာ ဟယ်ရီကိန်းက ၁၀၆ဂိုး ပိုင်ဆိုင်ထားခဲ့တာပါ။ အကောင်းဆုံးတိုက်စစ်သမား နဲ့ အကောင်းဆုံးဟန့်တား ကာကွယ်သူတို့ရဲ့ ရင်ဆိုင်တွေ့ဆုံမှုမှာ ဘယ်သူက အသာစီးရမလဲ စိတ်ဝင်စားစရာပါပဲ။
၃။ ပေါလ်ပေါ့ဂ်ဘာ နဲ့ အဲရစ်ဆန်
Photo : 90 min
မန်ချက်စတာယူနိုက်တက်ရဲ့ နိုင်ပွဲနဲ့ ကစားပုံဟာ ပေ့ါဂ်ဘာပေါ် မှီခိုနေရသလို စပါးအသင်းကလည်း အဲရစ်ဆန်အပေါ် မှီခိုနေရတာပါ။ နှစ်ဖက်အသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ်ကစားသမားတွေဟာ ဖန်တီးပေးပို့နိုင်စွမ်းမြင့်မားကြပြီး ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်စွမ်း ရှိကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးရဲ့ ကွင်းလယ်တိုက်ပွဲကလည်း အကြိတ်အနယ်ရှိနေမှာ သေချာပါတယ်။ လတ်တလောမှာ အဲရစ်ဆန်က ပိုမိုတည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနေနိုင်ပြီး ပေါ့ဂ်ဘာကတော့ ခြေအတက်အကျမမှန်ပဲ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ပွဲကြီးတွေဆို ခြေစွမ်းပြတတ်တဲ့ ပေါ့ဂ်ဘာကြောင့် ဒီနေ့ပွဲမှာ သူတို့နှစ်ဦးရဲ့ ရင်ဆိုင်ရမှုက ပရိသတ်အကြိုက်ဆုံးအနေအထားမှာ ရှိနေမှာ သေချာပါတယ်။
၄။ လူကာကူ နဲ့ အယ်ဒါဝီရယ်လ် + ဗာတွန်ဂန်
Photo : 90 min
ဘယ်လ်ဂျီယံအသင်းဖော်နှစ်ဦးရဲ့ ကလပ်အသင်း ကိုယ်စားပြုကစားမှုကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ လူကာကူဟာ ပွဲချိန်အတွင်းမှာ ပြိုင်ဘက်ဗဟိုခံစစ်ကို အန္တရာယ်ပေးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ တော့တင်ဟမ်နောက်ခံကစားသမားတွေဟာလည်း နိုင်ငံအသင်းဖော်ရဲ့ အနေအထားကို ကောင်းကောင်းကြီး သိရှိနေတာမို့ သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုဟာ မထင်မှတ်ထားပဲ ကြည့်ကောင်းလာနိုင်ပါတယ်။ အယ်ဒါဝီရယ် နဲ့ ဗာတွန်ဂန်တို့ရဲ့ ခံစစ်အတွဲဟာ လူကာကူကို ထိန်းသိမ်းဖို့ အချိန်ပြည့် သတိရှိနေမှာဖြစ်ပြီး လူကာကူအတွက် ခက်ခဲတဲ့ အနေအထားကို ကြုံတွေ့ရနိုင်ပါတယ်။ နိုင်ငံအသင်းဖော်တွေရဲ့ ပြိုင်ဆိုင်မှုကလည်း ဒီပွဲစဉ်ရဲ့ ရလာဒ်ကို အလှည့်အပြောင်းဖြစ်စေနိုင်တာမို့ စောင့်ကြည့်သင့်တဲ့ ထိပ်တိုက်တွေ့ဆုံမှု တစ်ခုဖြစ်ပါတယ်။