ယခုလအတွင်း နမ့်ခမ်းကျေးရွာမှာ ရွာသားတွေ သေနတ်နဲ့ ပစ်ခတ်ခံရမှုဖြစ်စဉ်တွေ ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်လန်ရွာမှာ သြဂုတ်လ ၂၈ ရက် ည ၈နာရီလောက်က ရွာသားတစ်ဦး အိမ်ထဲမှာဘုရားရှိခိုးနေတုန်း လူတစ်ယောက်ဝင်လာကာ သေနတ်နဲ ၃ ချက် ပစ်ခတ်ခဲ့တယ်လို့ နမ့်လန်နယ်မြေရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။



 

 

“ ဘုရားရှိခိုးနေတဲ့အချိန်မှာ အိမ်ထဲဝင်နေရင်းနဲ့ ပစ်သွားတာပါ။ အခုထိတော့ တရားခံကို မသိသေးပါဘူး။ တောတွင်းလက်နက်ကိုင်တစ်ဦးလို့ ယူဆရတယ်လို့သိထားပါတယ်” လို့ နယ်မြေရဲစခန်းတာဝန်ကျရဲအရာရှိတစ်ဦးက Duwun ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရသူဟာ အသက် ၆၅ နှစ်အရွယ် ဦးဆန်စိုင်းဆိုသူဖြစ်ပြီး တောင်ယာ အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။သေနတ်နဲ့ ပစ်ခတ်ခံရပေမယ့် ဒဏ်ရာ ပြင်းပြန်းထန်ထန်တော့မရရှိတာကြောင့် အသက်အန္တရာယ်တော့ စိုးရိမ်ရခြင်းမရှိဘူးလို့သိရပါတယ်။

သြဂုတ်လ ၂၉ ရက် ညနေပိုင်းအထိတော့ သေနတ်နဲ့ ပစ်ခတ်သွားသူကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ပုဒ်မ ၃၂၇ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ နမ့်လန်နယ်မြေရဲစခန်း ရဲအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။ ယခုလအစောပိုင်းလောက်က သီပေါမြို့နယ် နမ့်လန်အနီး မန်လီကျေးရွာမှာ တပ်မတော်သား ၁ ဦး၊ သက်ကြီးရွယ်အို ၁ ဦးနဲ့ ကလေးငယ်တစ်ဦးက ဈေးကအပြန် အမည်မသိသေနတ်သမားတွေက ချောင်းပြီး ပစ်တာကြောင့် ၃ ယောက်လုံးသေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ်လ ၉ ရက်တုန်းကလည်း သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုမှာ တောင်သူလင်မယား ၂ ဦးကို အမည်မသိလူနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က