မိုက်ခဲရွာအိုင်ဒေါလ် သီချင်းဆိုပြိုင်ပွဲကြီးကျင်းပဖို့ ရှိလာတဲ့အခါမှာတော့ ....။
 

ဦးနှောက်ခြောက်စရာတွေ၊ လွမ်းစရာ၊ဆွေးစရာတွေမကြည့်ချင်ဘူး .... ပျော်စရာ၊ရယ်စရာပေါ့ပေါ့ပါးပါးဟာသကား ကောင်းကောင်းလေးပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် လက်ရှိရုံတင်နေတဲ့ အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီးက လက်မလွှတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။

ဒီဇာတ်ကားကြီးအကြောင်း မကြည့်ရသေးတဲ့သူတွေအတွက် အညွှန်းအနေနဲ့ပြောပြရမယ်ဆိုရင် -

ဘယ်လိုဇာတ်လမ်းမျိုးလဲ

သီချင်းဆိုရတာဝါသနာထုံလှသူတွေစုနေတဲ့ မိုက်ခဲရွာမှာ ကိုယ်ရူးသွ့ပ်ရာဂီတအမျိုးအစားအလိုက် ရော့ခ်၊ ရက်ပ်၊ ပန့်ခ်၊ မြန်မာသံ ဆိုပြီးအဖွဲ့တွေအမျိုးမျိုးကွဲလို့နေကြပါတယ်။ အဲဒီလိုအဖွဲ့တွေကွဲနေလို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ကြဘဲ မကြာခဏ ထိပ်တိုက်တွေ့ပြီး ရန်ပွဲတွေဖြစ်လို့နေပါတယ်။ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးကတော့ ရက်ပ်မိသားစုနဲ့ ရော့ခ်မိသားစုတို့ပါပဲ။ သူတို့မိသားစု ၂ စုဟာ ရူးသွပ်ရာဂီတမတူလို့ မတည့်ကြသလို ရည်းစားလုဘက်တွေလည်း ဖြစ်လာလို့ အခြေအနေက ပိုဆိုးလို့နေပါတယ်။

အဲဒီလို အခြေအနေတွေကြားထဲမှာပဲ မိုက်ခဲရွာမှာ မိုက်ခဲရွာအိုင်ဒေါလ် သီချင်းဆိုပြိုင်ပွဲကြီးကျင်းပဖို့ ရှိလာတဲ့အခါမှာတော့ ....။

ဘယ်သူတွေပါလဲ

ဇာတ်လမ်းနဲ့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာသရုပ်ဆောင်တွေထဲက ဟာသဇာတ်ရုပ် သရုပ်ဆောင်ရာမှာ ပီပြင်အသက်ပါလှတဲ့ မင်းမော်ကွန်း၊ ဇေရဲထက်၊ မြန်မာပြည်သိန်းတန်တို့ဇနီးမောင်နှံ၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ မို့မို့မြင့်အောင်၊ ရွှေမှုန်ရတီတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဝါဝါအောင်၊ မျိုးမျိုးခိုင်၊ ဇော်ဇော်အောင် တို့လို ဇာတ်ပို့၊ဇာတ်ရံတွေနဲ့အားဖြည့်ထားပါသေးတယ်။

 

ဘယ်လောက်ထိရယ်ရလဲ

မိုက်ခဲရွာရုပ်ရှင်ဇာတ်ကားကြီး မှာ အပေါ်မှာပြောခဲ့တဲ့ဇာတ်လမ်းအကျဉ်းထဲက ဂီတအမျိုးအစားအလိုက်ရော၊ ရည်းစားလုဘက်တွေအနေနဲ့ပါ တစ်ဖွဲ့နဲ့တစ်ဖွဲ့မတည့်ကြရာကနေ ဖြစ်လာတဲ့အလွဲတွေကို ဇာတ်ကွက်တိုင်းမှာ ဟာသမြောက်အောင်ရိုက်ကူးပြထားတာကြောင့် တစ်ကားလုံးပါးစပ်မစေ့ရလောက်အောင် ရယ်နေရမှာပါ။ အဲဒီလို ဟာသတွေကြားထဲမှာမှ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကိုလည်း ရှုစားရဦးမှာဖြစ်လို့ ပျော်စရာ၊ရယ်စရာ ဟာသကားစစ်စစ်တစ်ကားလို့ ညွှန်းချင်ပါတယ်။

အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ဇာတ်ကားကြီး ကောင်းလား၊မကောင်းလားဆိုတာကိုတော့ ပထမတစ်ပတ်ရုံတင်အပြီးမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိလို့ အခုဆိုရင် တစ်နိုင်ငံလုံးကရုပ်ရှင်ရုံတွေမှာ ဒုတိယအပတ်ရုံတင်ပြသခွင့် ရရှိထားတာကိုကြည့်ရင် အလွယ်တကူသိနိုင်မယ်လို့ထင်ပါတယ်။

Share

Loading Next Article...
က္က