လာမယ့် ၁၀ နှစ်အတွင်း အရှေ့တောင်အာရှ အပါအဝင် ကမ္ဘာတစ်ဝှမ်း အရက်သောက်မှု မြင့်တက်လာမယ်လို့ ဆိုပါတယ်။

အရက်အလွန်အကျွံသောက်မှုကြောင့် ၂၀၁၆ ခုနှစ်အတွင်း လူဦးရေ ၃ သန်းကျော် သေဆုံးခဲ့ပြီး ထိုပမာဏဟာ ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၂၀ အနက် တစ်ဦးဟာ အရက်အလွန်အကျွံသောက်မှုနဲ့ ဆက်နွယ်ခဲ့တယ်လို့ အဓိပ္ပါယ်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization - WHO) က စက်တင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

Photo: Advocator



ထိုသို့သေဆုံးသူတွေအနက် လေးပုံသုံးပုံဟာ အမျိုးသားများဖြစ်တယ်လို့ သိရပါတယ်။ အရက်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင့် အထောက်အထားတွေ ရှိနေသည့်တိုင် လာမယ့် ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အရက်သောက်သုံးမှု မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

"အရက်ကြောင့် ကျန်းမာတဲ့ လူမှုအသိုင်းအဝိုင်းကို အမှန်တစ်ကယ် ခြိမ်းခြောက်နေမှုအား ကာကွယ်ရန်အတွက် ဆောင်ရွက်သင့်နေပါပြီ" လို့ WHO အထွေထွေညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesus က အစီရင်ခံစာမှာ ပြောထားပါတယ်။

"အလွန်များပြားတဲ့ လူတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေဟာ အရက်အလွန်အကျွံသောက်မှု နောက်ဆက်တွဲ ပြဿနာတွေကို ခံစားနေကြရပါတယ်" လို့လည်း ၎င်းကထောက်ပြခဲ့ပါတယ်။

WHO ရုံးချုပ် (Photo: Wikipedia)



WHO က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်းမှာ ခန့်မှန်းခြေအားဖြင့် အမျိုးသား ၂၃၇ သန်းနဲ့ အမျိုးသမီး ၄၆ သန်းဟာ ပြဿနာရှိနေတဲ့ အရက်သောက်သူများ သို့မဟုတ် အရက်အလွန်အကျွံသောက်သူများ ဖြစ်ကြတယ်လို့ သိရပါတယ်။

အရက်သောက်မှုနှုန်းဟာ ဥရောပနဲ့ အမေရိကမှာ အမြင့်ဆုံးဖြစ်နေပြီး အရက်စွဲမှုကြောင့် ပြဿနာဖြစ်ပွားမှုဟာ ပိုမိုချမ်းသာတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။

အရက်ကြောင့် သေဆုံးမှု ၂၈ ရာခိုင်နှုန်းဟာ ယာဉ်မတော်တဆမှု၊ ကိုယ့်ကိုယ်ကိုယ်နာကျင်စေမှုနဲ့ အကြမ်းဖက်ခိုက်ရန် ဖြစ်ပွားမှုကဲ့သို့ ဖြစ်ရပ်တွေမှာ ဒဏ်ရာအနာတရဖြစ်ပြီး သေဆုံးကြခြင်းဖြစ်ပါတယ်။

Photo: Shutterstock/Graphic.mool



နောက်ထပ် ၂၁ ရာခိုင်နှုန်းမှာ အစာခြေစနစ်ဆိုင်ရာ ရောဂါတွေကြောင့်ဖြစ်ပြီး ၁၉ ရာခိုင်နှုန်းကတော့ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကြောင့် သေဆုံးကြတယ်လို့ သိရပါတယ်။ ခန့်မှန်းခြေအရ ကမ္ဘာတစ်ဝှမ်း လူဦးရေ ၂.၃ ဘီလီယံက အရက်သောက်ကြပါတယ်။

ဥရောပမှာ ၂၀၁၀ ခုနှစ်မှစပြီး အရက်သောက်မှုနှုန်း ၁၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပေမဲ့ လူတစ်ဦးချင်းစီ အရက်သောက်နှုန်း အမြင့်ဆုံးဖြစ်နေဆဲလို့ ဆိုပါတယ်။

လာမယ့် ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အရက်သောက်နှုန်း မြင့်တက်လာမယ်လို့ ခန့်မှန်းထားပြီး အရှေ့တောင်အာရှ၊ အနောက်ပစိဖိတ်နဲ့ အမေရိကတို့မှာ လူတစ်ဦးချင်းစီ အရက်သောက်နှုန်း မြင့်တက်လာမယ်လို့ သိရပါတယ်။

Photo: Reuters



"နိုင်ငံအားလုံးက အရက်အလွန်အကျွံသောက်မှု နောက်ဆက်တွဲ ကျန်းမာရေးနဲ့ လူမှုကုန်ကျစရိတ်တွေကို လျှော့ချနိုင်အောင် အများကြီး လုပ်ဆောင်နိုင်ပါတယ်" လို့ WHO မှ Vladimir Poznyak က ပြောပါတယ်။

အရက်ခွန်များ တိုးမြှင့်ကောက်ခံခြင်း၊ အရက်ကြော်ငြာများကန့်သတ်ခြင်းနဲ့ အရက်ကို အလွယ်တကူ ဝယ်ယူနိုင်မှုအား ကန့်သတ်ခြင်းတို့ဖြင့် ထိရောက်စွာ လုပ်ဆောင်နိုင်ကြောင်း ၎င်းက ထောက်ပြခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း အရက်သောက်သုံးမှုများအနက် အရက်ပြင်းသောက်သုံးမှု ၄၅ ရာခိုင်နှုန်း၊ ဘီယာသောက်သုံးမှု ၃၄ ရာခိုင်နှုန်းနဲ့ ဝိုင်သောက်သုံးမှု ၁၂ ရာခိုင်နှုန်း ဖြစ်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က