စက်တင်ဘာလ ၂၈ ရက်နေ့ ညနေမှာစတင်စုစည်းလေ့ကျင့်မယ်လို့သိရပါတယ်။

၂၇ယောက်စာရင်း ထုတ်ပြန်ခဲ့ရာမှာတော့ မျက်နှာသစ်ကစားသမားတွေ ဖြစ်တဲ့ သန်းထက်အောင်၊ပြည့်ဖြိုးဇော်စတဲ့ ကစားသမားတွေ ပါဝင်လာ ခဲ့ပေမယ့် ဝါရင့်ကစားသမား ဇော်မင်းထွန်းကိုတော့ ချန်လှပ်ခဲ့ပါတယ်။

Photo - MFF

 

အင်ဒိုနီးရှား ဘိုလီဗီးယားအသင်းတို့နဲ့ ခြေစမ်းကစားမယ့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒီကနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါပြီ။

ကစားသမားစုစုပေါင်း ၂၇ ယောက်ရွေးချယ်ထားတာ တွေ့ရပြီး မျက်နှာသစ်ကစားသမားများအဖြစ် ရန်ကုန်နောက်ခံလူ ပြည့်ဖြိုးဇော်၊သန်း ထက်အောင်တို့ ပါဝင်လာသလို ဆီးဂိမ်းပြီးကတည်းက လက်ရွေးစင်အသင်းမှာ မပါဝင်တော့တဲ့ ဇွဲကပင်နောက်ခံလူ သီဟထက်အောင်လည်း ပြန်လည်ရွေးချယ်ခံရပါတယ်။

Photo - MNL

 

နောက်ထပ် ထူးခြားမှုတစ်ခုကတော့ ရန်ကုန်ကစားသမားဟောင်း အခုလက်ရှိ ထိုင်းလိဂ်(၂)ကလပ် ဆာမတ်ဆာခွန်အသင်းမှာ ကစားနေတဲ့ ကောင်းဆက်နိုင်ကိုလည်း နည်းပြ အန်တွမ်နီဟေးက ပြန်လည်ခေါ်ယူထားတာ တွေ့ရပြီး အသင်းခေါင်းဆောင် နောက်ခံလူ ဇော်မင်းထွန်းတော့ ပါဝင်လာခြင်းမရှိပါဘူး။

အခုရွေးချယ်လိုက်တဲ့ လူစာရင်းနဲ့ ပတ်သက်ပြီး နည်းပြ အန်တွမ်နီဟေးက - " " ကျွန်တော်တို့ လိဂ်ပွဲစဉ်တွေကို လအတန်ကြာ လိုက်လံကြည့်ရှုပြီး Scouting လုပ်ခဲ့ပါတယ်။ နိုင်ငံတကာ ပွဲအချို့လည်း ကစားပြီးခဲ့ပါပြီ။ အခု ပဏာမ လူစာရင်းကိုတော့ ကစားသမားတွေရဲ့ လက်ရှိ စွမ်းဆောင်မှုနဲ့ သူတို့အရည်အချင်းကို သေသေချာချာ ဆန်းစစ်ပြီးမှ ရွေးချယ်ထားတာပါ။ လာမယ့် ဆူဇူကီးဖလားမှာ အောင်မြင်ဖို့အတွက် လိုအပ်တာတွေ သူတို့ဆီမှာ ရှိနေတယ်လို့ ယုံကြည် ထားပါတယ်။ လောလောဆယ် အင်ဒိုနီးရှား၊ ဘိုလီဗီးယား တို့နဲ့ ပွဲစဉ်တွေအပေါ် အာရုံစိုက်ထားပါတယ်။ ဒီခြေစမ်းပွဲတွေက ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့ လက်ရွေးစင်အသင်း အတွက် အားရကျေနပ်စရာ အခွင့်အလမ်းတစ်ခုဖြစ်ပြီး ဒီလို အဆင့်မြင့် ပွဲစဉ်တွေကနေ အတွေ့အကြုံကောင်းတွေ အများကြီးရယူနိုင်မှာပါ" လို့ ပြောပါတယ်။

Photo - MNL

 

အခု လူစာရင်းကိုကြည့်ရင် အာရှအားကစားပွဲတော် ဝင်ပြိုင်တဲ့ အသင်းကို အများစု အခြေပြုထားတာကို တွေ့မြင်ရမှာ ဖြစ်တာကြောင့် လက်ရွေးစင်အသင်း ဖြစ်လင့်ကစား လူငယ်ကစားသမားတွေ များနေပြီး စီနီယာ ကစားသမားအချို့ ချန်လှပ်ခဲ့တဲ့ အပေါ်မှာလည်း - "လက်ရှိအခြေအနေက အသင်းကို လူငယ်ကစားသမားတွေ ပိုမို တာဝန်ယူရမယ့် အခြေအနေပါ။ သူတို့အတွက်လည်း အချိန်ကောင်းပါပဲ။ လူငယ်မျိုးဆက်တွေ အနေနဲ့ ရင့်ကျက်ချိန်တန်ပြီ ဖြစ်သလို အသင်းကို ဦးဆောင် မောင်းနှင်ချိန်လည်းတန်ပါပြီ။ ဒါကြောင့် ချန်ထားရစ်ခဲ့ရတဲ့ နောက်ခံလူ ဇော်မင်းထွန်းဆိုရင် ကစားသမားကောင်း တစ်ဦးဖြစ်သလို ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာ လက်ရွေးစင် အသင်းအတွက် သော့ချက် ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ အခုကတော့ လူငယ်တွေ တာဝန်ယူရတော့မယ့် အချိန်ဖြစ်လာပါပြီ။ ဇော်မင်းထွန်းဟာ ကျွန်တော်တို့လိုအပ်တဲ့ အချိန်တစ်ခုမှာတော့ အသင့် အသုံးပြုနိုင်မယ့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်" လို့ ဆိုခဲ့ပါသေးတယ်။

မြန်မာအသင်းကတော့ လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ အင်ဒိုနီးရှားနဲ့ အဝေးကွင်းလိုက်ပါခြေစမ်းမှာ ဖြစ်ပြီး အဲ့ဒီနောက် ၁၃ ရက်နေ့ မှာတော့ တောင်အမေရိက အသင်း ဘိုလီဗီးယားနဲ့ ရန်ကုန်မြို့မှာ ခြေစမ်းကစားမှာဖြစ်ပါတယ်။

 

အခုဖွဲ့စည်းလိုက်တဲ့ အသင်းကိုတော့ မနက်ဖြန် စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာစတင် စုစည်းလေ့ကျင့်သွားမယ်လို့လည်း သိရထား ရပါတယ်။

Share

Loading Next Article...
က္က