အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်လှုပ်ပြီးနောက် လူဦးရေ ၃၅၀,၀၀၀ နေထိုင်ရာ ဆူလာဝေစီကျွန်းပေါ်ရှိ ပါလူမြို့ကို ဆူနာမီရေလှိုင်းများ ရိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက် ၃၈၄ ဦးထက်မနည်း မြင့်တက်လာကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက ယနေ့ (စက်တင်ဘာ ၂၉ ရက်) ပြောပါတယ်။
Photo: AFP/Getty Images
ထိခိုက်ဒဏ်ရာရခဲ့သူ ၅၄၀ ခန့်ကိုလည်း ဆေးရုံတွေမှာ ကုသပေးရန် ကြိုးပမ်းနေရပြီး ငလျင်နဲ့ဆူနာမီကြောင့် ပျက်စီးမှုတွေဖြစ်ခဲ့တဲ့ ဒေသတွေကို ရောက်ရှိနိုင်ရန် ရှာဖွေကယ်ဆယ်ရေးသမားတွေက အပြင်းအထန် အားထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) က ရစ်(ခ်)တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပါလူမြို့မှာ ၆ ပေခွဲမြင့်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပါတယ်။
Photo: AFP
ငလျင်နဲ့ဆူနာမီကြောင့် အဆိုပါမြို့မှာ လူ ၄၈ ဦး သေဆုံးပြီး ၃၅၆ ဦး ဒဏ်ရာရခဲ့ကြောင်း အစောပိုင်းမှာ ထုတ်ပြန်ထားခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောထားခဲ့ပါတယ်။ပါလူမြို့မှာရောက်ရှိနေတဲ့ အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးဌာနခေါင်းဆောင် Muhammad Syaugi က သေဆုံးသူအများအပြားကို တွေ့ခဲ့ရကြောင်း AFP သတင်းဌာနကို ယနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Photo: AP
"အလောင်အများအပြားတွေ့ရပါတယ်၊ ဒါပေမဲ့ အရေအတွက် အတိအကျကိုတော့ ကျွန်တော်တို့ မသိနိုင်သေးဘူး၊ ပါလူမြို့မှာ ဒီမနက် ၂ နာရီက အလောင်းအများအပြားကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်" လို့ ၎င်းကဆိုပါတယ်။လူဦးရေ ၃၅၀,၀၀၀ ဝန်းကျင် နေထိုင်ကြတဲ့ ဆူလာဝေစီကျွန်း ကမ်းရိုးတန်းရှိ ပါလူမြို့မှ ဓာတ်ပုံတွေအရ ကမ်းခြေမှာ အလောင်းတွေကို တွေ့ခဲ့ရပါတယ်။ ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ပါလူမြို့နဲ့ ဒေါင်ဂလာမြို့တို့မှာ ဗလီတစ်လုံးအပါအဝင် အဆောက်အအုံများ ပြိုကျပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
Photo: AP
ဒဏ်ရာရသူတွေအနက် ဦးခေါင်းဒဏ်ရာရခဲ့သူ ၁၂ ဦးဟာ ခွဲစိတ်ကုသရန်လိုအပ်တာကြောင့် အထူးကုဆရာဝန်များထံ လွှဲပြောင်းပေးရမယ်လို့ ဆေးရုံတာဝန်ရှိသူ Komang Adi Sujendra က ဆိုပါတယ်။ထာင်နဲ့ချီ အရေအတွက်ရှိတဲ့ ကျွန်းများဖြင့် ဖွဲ့စည်းတည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှု အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
Photo: AP
၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားမှာ လူပေါင်း ၁၇၀,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာလည်း လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။