လက်ရွေးစင်အသင်းကနေ ကျော်ဇင်ထက်ကို ထုတ်ပယ်ဖို့အထိ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။

စက်တင်ဘာ ၃၀ရက်က ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဗိုလ်လုပွဲမှာ ကွင်းလယ်ဒိုင်ကို ကိုယ်ထိလက်ရောက်တွန်းထိုးရန်ပြုခဲ့တဲ့ ရန်ကုန်ယူနိုက်တက်ဂိုးသမား ကျော်ဇင်ထက်နဲ့ နောက်ခံလူ မင်းကျော်ခန့်တို့ကို မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ၁၂ပွဲပယ်ပြစ်ဒဏ်ချမှတ် ခဲ့ပါတယ်။ ဒီပြစ်ဒဏ်ကြောင့် ကစားသမားနှစ်ဦးမှာ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်အားလုံးကို လွဲချော်ရတော့မှာပါ။


43090011_10215228716450329_4674047023714926592_n.jpg 

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲဗိုလ်လုပွဲအတွင်းမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်က မြန်မာဘောလုံးပရိသတ်အကြားမှာ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ပင်နယ်တီဆုံးဖြတ်ချက် အပေါ်မကျေမနပ်ဖြစ်ရာကနေ နောက်ခံလူမင်းကျော်ခန့်က ကိုယ်ထိလက်ရောက်တွန်းထိုးခဲ့သလို လက်ရွေးစင်ဂိုးသမား ကျော်ဇင်ထက်ကလည်း ပြင်းထန်စွာဆဲဆိုရန်ပြုခဲ့ပါတယ်။ ဒီဖြစ်စဉ်အတွက် ကစားသမားနှစ်ဦးကို ဘယ်လိုပြစ်ဒဏ်ချမလဲဆိုတာကို ပရိသတ်တွေကစောင့်ကြည့်ခဲ့ကြပါတယ်။

 

အောက်တိုဘာ ၃ရက်မှာတော့ မြန်မာနေရှင်နယ်လိဂ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဖြစ်ရပ်အတွက် ပြစ်ဒဏ်ချမှတ်လိုက်ပါပြီ။ ရန်ကုန်ယူနိုက်တက်အသင်းက လက်ရွေးစင်ဂိုးသမား ကျော်ဇင်ထက်ကို လာမယ့်ဘောလုံးရာသီ အနီးဆုံး ၁၂ပွဲပယ်နဲ့ ဒဏ်ကြေး ဆယ်သိန်း၊ နောက်ခံလူမင်းကျော်ခန့်ကို အနီးဆုံး ၁၂ပွဲနဲ့ ဒဏ်ကြေးရှစ်သိန်း ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ကွင်းအတွင်း အရာဝတ္ထုပစ္စည်းတွေနဲ့ပစ်ပေါက်ခဲ့တဲ့ ရန်ကုန်ပရိသတ်တွေအတွက် ရန်ကုန်ယူနိုက်တက်အသင်းကို ဒဏ်ကြေး ၁၅သိန်း၊ ကွင်းအတွင်း အရာဝတ္ထုပစ္စည်းတွေနဲ့ပစ်ပေါက်ခဲ့တဲ့ ဟံသာဝတီပရိသတ်တွေကို ဒဏ်ကြေး ဆယ်သိန်းချမှတ်ခဲ့ပါတယ်။

 

ပရိသတ်တွေကတော့ ဒီဖြစ်စဉ်အတွက် လက်ရွေးစင်အသင်းကနေ ကျော်ဇင်ထက်ကို ထုတ်ပယ်ဖို့အထိ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။ ကျော်ဇင်ထက်နဲ့ မင်းကျော်ခန့်တို့ကို မိခင်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းကလည်း ပြစ်ဒဏ်ချမှတ်ဖွယ်ရှိနေပါတယ်။ မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒီပြစ်ဒဏ်တွေအတွက် တာဝန်ကျဒိုင်လူကြီးတွေ နဲ့ ပြိုင်ပွဲကျင်းပရေး တာဝန်ခံတွေရဲ့မှတ်တမ်းအပြင် ရုပ်သံမှတ်တမ်းကိုလည်း ကြည့်ရှုဆုံးဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က