မခိုင်ကြီး နဲ့ မခိုင်လေးတို့ရဲ့ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုလေးတွေရှိတဲ့ အကြောင်းကို ပြောပြလာပါတယ်။ အခုချိန်မှာ လည်း နှစ်ယောက် အတူတွဲပြီး''အောက်ဖဲမလှန်ကြေး" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတယ်လို့ သိရပါတယ်။
သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗို တို့ရဲ့ တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး ရှိကြတဲ့ အကြောင်းတွေကို မီဒီယာ တွေကနေတဆင့် ပြောပြလာပါတယ်။ ခိုင်သင်းကြည်ကတော့ စီနီယာ သရုပ်ဆောင် အစ်မတွေထဲမှာမှ မခိုင်ကြီးကို ချစ်တဲ့အကြောင်းပြောပြ လာပါတယ်။
'' မခိုင်ကြီးအပေါ်မှာတော့ ပြောရမယ်ဆိုရင် အစ်မတွေအပေါ်မှာ အချစ်ဆုံးပါ။ ဒါပေမယ့် တစ်ခါတလေကျတော့ နည်းနည်း ဂဂျိုးဂချောင် လုပ်တာ'' ဆိုပြီးတော့ အောက်တိုဘာ(၅) ရက်နေ့က ပြုလုပ်တဲ့ "အောက်ဖဲမလှန်ကြေး" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါ တယ်။
Photo: ခိုင်သင်းကြည်ဖေ့စ်ဘွတ်
ပရိသတ်တွေကို အံ့သြသွားအောင် လုပ်လိုက်တဲ့ ခိုင်သင်းကြည်
အဲ့ဒီနောက် သူတို့နှစ်ယောက်ကို တွဲမြင်ရဦးမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ခိုင်သင်းကြည်က ဆက်လက် ပြောပြလာပါတယ်။ မခိုင် ကြီးနဲ့ မခိုင်လေးတို့ နှစ်ယောက်ဟာ ဗီဒီယို ဇာတ်ကားခေတ်ကတည်းက ပရိသတ် အခိုင်အမာနဲ့ ရပ်တည်ခဲ့ကြတဲ့ မင်းသမီးချော တွေဖြစ်ပါတယ်။ အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတယ်လို့ သိရပါတယ်။
'' အမွေတုန်းကလည်းရိုက်ဖြစ်တယ်၊ နောက် ကြားထဲမှာ ဟာသကားလေးတွေမှာလည်း အမြဲတွဲပြီးရိုက်ဖြစ်ပါတယ်၊ ဥပမာ ''သူငယ်'' လို့ ဇာတ်ကားမျိုး၊ ပြီးတော့ '' ရပ်ကွက်ဘုရင်မ ၂ '' လို ကားမျိုးတွေမှာလည်း အမြဲတမ်း အတူတွဲပြီးတော့ သရုပ်ဆောင်ဖြစ်တယ်။ စရိုက် ရုပ်ရှင်ဇာတ်ကားမှာလည်း မခိုင်က အစ်မရဲ့ အမေ နေရာက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်'' လို့ သူကဆိုပါတယ်။
မခိုင်ကြီးအကြောင်းတွေကို ဆက်တိုက်ပြောပြခဲ့တဲ့ သရုပ်ဆောင် ခိုင်သင်းကြည် အကြောင်းကိုလည်း မခိုင်ကြီးလို့ ချစ်စနိုးခေါ်တဲ့ ထွန်းအိန္ဒြာဗို က အခုလို ပြောပြခဲ့ပါသေးတယ်။ မခိုင်လေးလို သွက်သွက်လက်လက်ရှိသူတစ်ယောက်ကို ညီမလေး အရင်းလို ချစ်တယ် လို့ သူက ဆိုပါတယ်။
'' မခိုင်လေးကတော့ ကျွန်မအတွက် ညီမလေး အရင်းလိုပါပဲရှင်။ ညီမအရင်းလိုပဲ မသက် လိုပါပဲ။ သူက အရမ်းသွက်တာပဲ'' ဆိုပြီးတော့ ထွန်းအိန္ဒြာဗို က အခုလို ပြောပြခဲ့ပါတယ်။ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုနဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ကိုတော့ '' အောက်ဖဲ မလှန်ကြေး'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတွဲညီညီ မြင်တွေ့ရဦးမှာပါ။
Photo: ခိုင်သင်းကြည်ဖေ့စ်ဘွတ်
''အောက်ဖဲ မလှန်ကြေး''ရုပ်ရှင်ဇာတ်ကားမှာ ခန့်စည်သူ၊ထွန်းအိန္ဒြာဗို၊ နေခြည်ဦးတို့နဲ့အတူ ကလေးသရုပ်ဆောင် ထိပ်ထားသခင်ကလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကို ငပလီမှာ သွားရောက်ရိုက်ကူးမှာ ဖြစ်ပြီး "ခခခ" ရုပ်ရှင်ထုတ်လုပ်ရေးက ဒုတိယ အကြိမ် မြောက် ရိုက်ကူးထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး လည်း ဖြစ်ပါတယ်။
Share