ဗိုလ်ချုပ်အောင်ဆန်းအတ္တုပတ္တိ ရုပ်ရှင်ဇာတ်ကားကို အရင်က တာဝန်ယူရိုက်ကူးမယ့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနေရာမှာ ဒါရိုက်တာ လူမင်းကို တာဝန်ပေးလိုက်ပြီလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၇ ရက်က ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးဖို့ ၂၀၁၂ လောက်တည်းက စီစဉ်နေတာဖြစ်ပြီး အရင်က ဇာတ်ညွှန်း၊ဒါရိုက်တာ တာဝန်ယူထားတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဇာတ်ညွှန်းပြီးစီးအောင် မလုပ်ဆောင်နိုင်တော့တဲ့အတွက် မင်းထင်ကိုကိုကြီးကို ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းမှ အနားယူခွင့်ပြုခဲ့ပြီး ဒါရိုက်တာလူမင်းကို ပြောင်းလဲ တာဝန်ပေးလိုက်ပြီလို့ ဝန်ကြီးက အဆိုပါ အစည်းအဝေးမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
“ အစည်းအဝေးအရ ဗိုလ်ချုပ်အောင်ဆန်းအတ္တုပတ္တိလုပ်ငန်းက ဒီကနေ့စတင်ပြီလို့ ကျွန်တော် ပြောကြားလိုပါတယ်။ လက်တွေ့ရိုက်မယ့် ရိုက်ကူးရေးဇာတ်ည့ွှန်းကြီးကို သီးသန့်အချိန်ယူပြီးတော့ မရေးဆွဲတော့ပါဘူး။ ပင်မဇာတ်ညွှန်းကြီးကိုပဲ သမိုင်းပညာရှင်တွေ၊ ဒါရိုက်တာ ဦးလူမင်းတို့ အဖွဲ့ရယ် လိုအပ်သလို ညှိနှိုင်းမှုတွေ အပတ်စဉ် လုပ်သွားမှာပါ။ ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၂၀ အစိုးရသက်တမ်း မကုန်ခင်တော့ ပိတ်ကားမျက်နှာပြင်ပေါ်မှာ ပြည်သူကို တင်ပြလိုပါတယ်” လို့ ဝန်ကြီး သူရဦးအောင်ကိုကပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် ရံပုံငွေလက်ရှိအထိ သိန်းပေါင်း တစ်သောင်းတစ်ထောင်ကျော်လောက်ရှိနေပြီး လိုအပ်တဲ့ ငွေကြေးကိုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူပံ့ပိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရိုက်ကူးတည်းဖြတ်ရေးလုပ်ငန်းတွေကို ၂၀၁၉ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၀ မှာ ရုံတင်ပြသနိုင်အောင် ဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်အောင်ဆန်းအတ္တုပတ္တိရုပ်ရှင်ဇာတ်ကား တာဝန်ယူမယ့် ဒါရိုက်တာလူမင်းက ပြောပါတယ်။
“ ဒီကားကိုတော့ ပြည်သူတွေ မျှော်လင့်နေသလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ရှင်ကို တကယ့်ကို ခန့်ခန့်ထည်ထည်ကြွားကြွားဝါဝါဖြစ်အောင် အဆင့်အတန်းရှိရှိ ဖြစ်အောင် အစ်ကို့အနေနဲ့ တတ်နိုင်သမျှ ကြိုးစားပြီး ရိုက်ကူးသွားပါမယ်။
ဗိုလ်ချုပ်အောင်ဆန်းအတ္တုပတ္တိရုပ်ရှင် ရိုက်ကူးရေးကို ၂၀၁၂ ခုနှစ်ကတည်းက စီစဉ်နေတာဖြစ်ပေမယ့် ခြောက်နှစ်ကြာသည်အထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ အခုကျင်းပတဲ့ အစည်းအဝေးအပြီးနောက် ရိုက်ကူးရေးလုပ်ငန်းစတင်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
Share